Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့၌ ဖူဆယ်အားကစားရုံ တက်ရောက်ဖွင့်လှစ်ပေးခဲ့

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့၌ ဖူဆယ်အားကစားရုံ တက်ရောက်ဖွင့်လှစ်ပေးခဲ့

ပြည် နိုဝင်ဘာ ၉

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ နံနက်ပိုင်းက ပြည်မြို့၌ ဖူဆယ်အားကစားရုံ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ လမ်းပန်း ဆက်သွယ်ရေးရာဝန်ကြီး ဦးတင်ဆွေ၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးသိန်းအောင်တို့က ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ မူယာပင်နယ်မြေ လေထပ်ပြင်ဖူဆယ်အားကစားကွင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေးထပ်ပြင်ဖူဆယ် အားကစားရုံ၏ ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဖူဆယ်အားကစားရုံ၌ ဖူဆယ်အားကစားအတွက် ဘောလုံးများပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖူဆယ်ဘောလုံးပြိုင်ပွဲအား စပေး ဘောလုံးကန်၍ ဖွင့်လှစ်ပေးခဲ့ပြီး ပြည်မြို့နယ်ရဲတပ်ဖွဲ့အသင်းနှင့် ပြည်မြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူး ရေးလုပ်ငန်းအသင်းတို့ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကာ ပွဲကြည့်စင်များ တိုးချဲ့တည်ဆောက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဖွင့်ပွဲ၌ ပါဝင်ဖျော်ဖြေတင်ဆက်ခဲ့သည့် ပန်းပွားအကအဖွဲ့နှင့် ဘင်ခရာအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

          အဆိုပါ ပြည်မြို့၌ ဖူဆယ်အားကစား မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရေးနှင့် လေထပ်ပြင်ဖူဆယ်အားကစားကွင်းအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပံငွေကျပ်သန်း (၉၉.၅၀)သန်းဖြင့် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစား ပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဘိလီယက်နှင့်စနူကာအသင်း စခန်းသွင်း လေ့ကျင်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ အားကစားသမားများအတွက် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။