Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ (၁၂)ကြိမ်မြောက် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ (၁၂)ကြိမ်မြောက် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး အခမ်းအနား ကျင်းပပြုလုပ်

ဝေါ နိုဝင်ဘာ ၂၉

          ဝေါမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး အခမ်းအနားအား နိုဝင်ဘာလ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ ဝေါမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

          ထို့နောက် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား သီရိဇေယျာခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ကျောင်းသား /ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့”သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ ကြသည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို အခြေခံပညာကျောင်းများကို အခြေ ပြုပြီး စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက်များသို့ ဝင်/ထွက် သွားလာ သည့် အလေ့အကျင့်များ ဖြစ်လာစေရန်၊ စာဖတ်ခြင်းကိုတန်ဖိုးထားကာ ဉာဏ်ပညာ အတွေးအခေါ်မြင့်မား ရေး ဗဟုသုတပြည့်စုံကြွယ်ဝရေးအတွက် စာတတ်သူတိုင်း စာဖတ်ကြရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများဖြစ်လာစေရန် ရည်ရွယ်ကျင်းပပေးရခြင်း ဖြစ်ကြောင်း၊ မိမိတို့ပဲခူးတိုင်းဒေသကြီးအတွင်း စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်များကို မြို့နယ်(၁၄)ခုမှာ (၁၄)ကြိမ် ကျင်းပပေးသွားမှာဖြစ်ပြီး ယနေ့စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သည် (၁၂)ကြိမ်မြှောက် ကျင်းပ ပေးခြင်းဖြစ်ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ပူးပေါင်းဆောင်ရွက်မှု ကော်မတီတို့ ပူးပေါင်း၍ ကျောင်းသား/သူများ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် ကျောင်းသား/သူများအနေဖြင့် ကျောင်းစာများကို ကြိုးစားလေ့လာသင်ယူရင်း ဗဟုသုတရဖို့ စာပေများကို ဖတ်ရှု့လေ့လာကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဝေါမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအတွက် သုတ/ရသ စာအုပ်စာစောင်များကိုလည်းကောင်း၊ ဝေါမြို့နယ် စာဖတ်ရှိန်မြှင့်တင် ရေး အခမ်းအနား၌ အသိပညာဗဟုသုတများရရှိစေရေး ဟောပြောပေးမည့် စာရေးဆရာကြီးများနှင့် စာအုပ်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ၎င်း နောက် အခြေခံပညာအထက်တန်းကျောင်းစာကြည့်တိုက်အတွက် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွဋ်က အလှူငွေကျပ်(၅)သိန်းအား ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ သည်။

          ယင်းနောက် အခြေခံပညာအထက်တန်းအဆင့် ပထမဆုရရှိသောပြိုင်ပွဲဝင် ကျောင်းသူတစ်ဦး စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ကျပန်းစကားပြောခြင်းနှင့် “ဇာတိမာန်”သီချင်းတို့ဖြင့် လည်းကောင်း တင်ဆက်ခဲ့ကြရာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သီဆို၊ ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား/ သူများအား ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများသည် ဝေါမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်လျက်ရှိသော ကလေးစာဖတ်ခန်း၊ ပညာရေးဆိုင်ရာပြခန်း၊ ဌာန ဆိုင်ရာပြခန်း၊ ကျောင်းစာကြည့်တိုက်နှင့် သုတ/ရသ စာအုပ်အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။