ပြည် ဖေဖော်ဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု၌ ၂၀၂၄- ၂၀၂၅ ခုနှစ်၊ ဆောင်းနေကြာ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး နေကြာမျိုးတစ်ဦးချင်းအလိုက် အပွင့်အရွယ်အစား၊ အစေ့အဆံ အောင်မြင်မှုနှုန်း၊ အပင်သက်တမ်း၊ မျိုး ပြန်လည်ရရှိနိုင်မှုနှင့် အထွက်တင်းများအား စနစ်တကျ မှတ်တမ်းတင်ရန်၊ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်ဖြစ်၍ ဒေသခံနေကြာစိုက်တောင်သူများအား ခေါ်ယူပြသအသိပညာပေးရန်နှင့် နေကြာနှင့်အတူ တွဲဘက်စိုက်ပျိုး နိုင်သည့် သီးနှံများလည်း စိုက်ပျိုးပြသသွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတစ်ခု ဖြစ်သည့် ရွှေတောင်ရေလမ်းကောင်းမွန်ရေးလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူ တစ်ဦး ရွှေတောင်မြို့ကမ်းပြိုကာကွယ်ရေးအတွက် ဧရာဝတီမြစ်အတွင်း သဲအိတ်စီ Geo-Mattress အုပ် ရေလွှဲကာလုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့နယ်၊ မင်းကွန်းကျေးရွာအုပ်စု၊ တပ်သစ်ကျေးရွာ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၁၉၃)သန်းဖြင့် မြေဧရိယာ (၁၀၀)ဧကအား စက်မှုလယ်ယာစနစ်ကျလယ်မြေ ဖော်ထုတ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူတစ်ဦးက စက်မှုလယ်ယာစနစ်ကျလယ်မြေ အပိုင်းလိုက်ဖော်ထုတ်ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင် ရွက်ဆဲ အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးချိန်အမီ လုပ်ငန်း ဆောင်ရွက်ပြီးစီးရန်၊ တစ်ကွက်ပြီး တစ်ကွက်စိုက်စနစ်ဖြင့် စိုက်ပျိုးရန်၊ ကျန်ရှိသည့် မြေဧရိယာများအတွက် ကြိုတင်ပျိုးထောင်ခြင်းစနစ်ဖြင့် စိုက်ပျိုးသွားရန်၊ ရေပေးမြေသားမြောင်းများ ခိုင်မာမှုရှိအောင် ဆောင်ရွက် သွားရန်၊ အပေါ်ယံမြေဆီလွှာများ စနစ်တကျ ပြန်လည်ဖြန့်ခင်းပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်၏ ဘဏ္ဍာငွေဖြင့် လယ်မြေများအဆင့်မြှင့်တင်ပေး ခြင်းသည် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးဖြစ်၍ နိုင်ငံတော်အစိုးရ ၏ စေတနာအား သိရှိစေရန်နှင့် မိမိတို့၏ လယ်မြေများ၊ ရေပေးမြောင်းများ၊ ကုန်ထုတ်လမ်းများအား စနစ် တကျ ထိန်းသိမ်းကြရန်၊ မြေလပ်မရှိ စိုက်ပျိုးသွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။