ပဲခူး မေ ၂
ပဲခူးမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်တွင် မေလ(၂)ရက်နေ့ နံနက်ပိုင်းက (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်း ဒေသကြီးမီးသတ်ဦးစီးဌာနမှ စုပေါင်းသွေးလှူဒါန်းပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ ဝန်ကြီးများက လိုက်လံကြည့်ရှုအားပေးပြီး သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များအား ကြက်ဥ၊ မုန့်၊ အားဆေး၊ အချိုရည်နှင့် အာဟာရဖြည့်စွက်အစာများပေးအပ်ခဲ့ကာ သွေးလှူရှင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားခဲ့သည်။
(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း ရာတွင် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစောထွန်းဦးဆောင်၍ တိုင်းဒေသကြီး ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနရုံးများနှင့် မီးသတ်နယ်မြေစခန်းများရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ စုစုပေါင်း(၁၂၀)ဦးတို့မှ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။