ပဲခူး ဇူလိုင် ၃
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၃)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။
ရှေးဦးစွာ ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနား “မြန်မာအမျိုးသမီးလေးပါ” သီချင်းဖြင့် ကပြဖျော်ဖြေ၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံတွင် အမျိုးသမီးရေးရာကော်မတီကို (၁၉၉၆)ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး (၂၀၁၈)ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဟု အမည်ပြောင်းလဲခဲ့ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီး အခွင့်အရေးများနှင့် ကျား/မ ရေးရာ လုပ်ငန်းများ တန်းတူညီမျှဖို့နှင့် သာတူညီမျှစေဖို့ အမျိုးသမီးအခွင့်အရေး မြှင့်တင်ဆောင်ရွက်သည့် အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံချက်ကို ထုတ်ပြန်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အမျိုးသမီးအခွင့်အရေး ဆိုင်ရာကိစ္စရပ်များကို ဖုန်းဖြင့်တိုင်ကြားနိုင်သည့်စနစ်မှ Online မှတစ်ဆင့် နည်းလမ်းပေါင်းစုံဖြင့် တိုင်းကြားနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ “ကျား/မ တန်းတူညီမျှဖို့နဲ့ အမျိုးသမီးငယ်ရွယ်နှင့် အမျိုးသမီးအားလုံး စွမ်းဆောင်ရည် မြင့်မားစေရန်” တို့ကို အထူးအလေးထား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ပဲခူးတိုင်းဒေသကြီးအတွင်း ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့သည့် အမျိုးသမီးများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုလက်မှတ်အား ပေးအပ်ချီးမြှင့်ခဲ့သည်။ ၎င်းနောက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆိုင်သော သမိုင်းမှတ်တိုင်များ Video Clip အား ကြည့်ရှု ခဲ့ကြသည်။
ယင်းနောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းသူလေးများက “ဣတ္ထိယ ပန်းခင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်စိုးစိုးသက်တို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ပြခန်းအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။