Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွာရှိ မိုးစပါးစိုက်တောင်သူများ အား မျိုးစေ့ချကိရိယာ (Drum Seeder)နှင့် သွင်းအားစုများ ချီးမြှင့်ပေးအပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွာရှိ မိုးစပါးစိုက်တောင်သူများ အား မျိုးစေ့ချကိရိယာ (Drum Seeder)နှင့် သွင်းအားစုများ ချီးမြှင့်ပေးအပ်

သနပ်ပင် ဇူလိုင် ၂၈

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဇူလိုင်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့သည် သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွာ၌ မျိုးစေ့ချကိရိယာ (Drum Seeder)နှင့် သွင်းအားစုများ ချီးမြှင့်ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကို အဓိကထားလုပ်ကိုင်လျက်ရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ဒေသတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် စိုက်ပျိုးရေး လုပ်ငန်းတွင် စိုက်ပျိုးသည့်သီးနှံအလိုက် သတ်မှတ်ထားသည့် ပန်းတိုင်အထွက်နှုန်းရရှိရေးသည် အရေးကြီး ပြီး တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုစရိတ် သက်သာမှသာ တစ်ဧကအကျိုးအမြတ် ပိုမိုရရှိနိုင်မှာဖြစ်သဖြင့် မျိုးစေ့ချကိရိယာ (Drum Seeder)များပေးအပ်ရခြင်းဖြစ်ကာ အကျိုးရှိရှိ အသုံးပြုစေလိုကြောင်း ပြောကြား ခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ဖရဲ ကျေးရွာရှိ မိုးစပါးစိုက်တောင်သူများအား ပဲခူးတိုင်းဒေသကြီးမှ ထုတ်လုပ်သည့် မျိုးစေ့ချကိရိယာ (Drum Seeder)နှင့် သွင်းအားစုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး တောင်သူများနှင့်အတူ ပဲခူးမြို့မှ ထုတ်လုပ်ထားသည့် လူလိုက်ပါစီးနင်းနိုင်သည့် ကောက်စိုက်စက်သရုပ်ပြသမှုနှင့် စုပေါင်းမြေဩဇာ ကြဲပက်နေမှုတို့အား ကြည့်ရှု အားပေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့နယ်၊ ဈေးပိုင်းအရှေ့ရပ်ကွက်ရှိ ဦးလင်းသူအောင်၏ ဒေသနွားကောင်ရေ(၂၀၀) ဘက်စုံမွေးမြူရေးခြံနှင့် ဘူတာပိုင်းရပ်ကွက်ရှိ ဦးမြင့်နိုင်၏ ဒေသနွား ကောင်ရေ(၁၀၀) မွေးမြူထားရှိမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသနွားသည် အကြမ်းခံပြီး မွေးမြူရလွယ်ကူသည့်အပြင် မေထုန်မဲ့သားစပ်ခြင်းဖြင့် မျိုးမြှင့်မျိုးပွားခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်သည့်အတွက် ဈေးကွက်ရရှိသည့် လုပ်ငန်းတစ်ခုဖြစ်၍ တိုးချဲ့မွေးမြူသွားရန်၊ တိရစ္ဆာန် အစာအတွက် နေဗီယာမြက်အား တိုးချဲ့စိုက်ပျိုးသွားရန်နှင့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများမှ သဘာဝမြေဩဇာ ထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်ငါးလုပ်ငန်းစခန်းသို့ ရောက်ရှိခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တိုင်းရင်းငါးမျိုးများပြုန်းတီးမှုမရှိစေရေးနှင့် နှစ်စဉ် ငါးထုတ်လုပ်မှုတိုးတက်စေရေး အထောက်အကူဖြစ်စေရန် ငါးရံ့၊ ငါးပြေမ၊ ငါးခူ၊ ငါးကျည်း၊ ငါဖမ်းမနှင့် ငါးနက်ပြာစသည့် တိုင်းရင်းငါးမျိုး အမျိုးအစား(၆)မျိုးအား ထိန်းသိမ်းထားရှိခြင်း၊ မျိုးပွားခြင်း၊ ငါးသား ဖောက်ခြင်း ဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာ ကြားခဲ့သည်။ ၎င်းနောက် သနပ်ပင်မြို့နယ်၊ ဘူတာပိုင်းရပ်ကွက်ရှိ ဦးသိန်းလွင်၏ ဥစားဘဲကောင်ရေ (၆၀၀၀) မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း ဥစားသုံးမှု ဖူလုံစေရေးနှင့် ဈေးနှုန်း သက်သာစွာ ရောင်းချနိုင်ရေး ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် တိရစ္ဆာန်အစာ ထုတ်လုပ်ရန်နှင့် ဥစား ဘဲအပြင် အသားစားဘဲများလည်း တိုးချဲ့မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။