Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၂၆)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

(၂၆)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၅

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ မြန်မာ့ဆိုင်းဝိုင်းဖြင့် “လက်ရည်တပြင်တည်း” သီချင်းသီဆို၍ ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ် မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နက်နဲသိမ်မွေ့ပြီး အဆင့် အတန်းမြင့်မားသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမ အဆို၊ အက၊ အရေး၊ အတီး ပညာရပ်များအပေါ်  မျိုးဆက်သစ်လူငယ်မောင်မယ်များအနေဖြင့် ဂုဏ်ယူမြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် လက်ဆင့်ကမ်း အမွေအဖြစ် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်စေရန်အတွက် အားပေးမြှင့်တင် ကျင်းပပေးရခြင်းဖြစ် ကြောင်း၊ တိုင်းဒေသကြီးအဆင့်မှ ရွေးချယ်ခံထားရသူများအနေဖြင့် နိုင်ငံတော်အဆင့် ပြိုင်ပွဲတွင် အမှတ်ပေး စံနှုန်းများနှင့် ညီညွတ်အောင် ဝတ်စားဆင်ယင်၊ တီးခတ်သီဆိုကပြယှဉ်ပြိုင်နိုင်မှသာ ထိုက်တန်သည့် ဆုတံဆိပ်များရရှိနိုင်မှာဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် ပဲခူးမြို့၌ စခန်းသွင်းလေ့ကျင့်ရာတွင် ဝါရင့်သမ္ဘာရင့် အနုပညာရှင်များ၊ အနုပညာကို ချစ်မြတ်နိုးတန်ဖိုးထားသူများ၊ ဝါသနာကို အရင်းတည်၍ လက်ဆင့်ကမ်းထိန်းသိမ်းလျက်ရှိသူများ၏ စနစ်တကျသင်ကြားပြသပေးမှုများကို မှတ်သားလိုက်နာ၍ စခန်းဝင်လေ့ကျင့်သည့်အချိန်မှစတင်၍ နိုင်ငံတော်အဆင့် ပြိုင်ပွဲပြီးဆုံးသည်အချိန်ထိ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၂၆)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပထမဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ အထူးဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက်က ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ၎င်းနောက်  တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများက (၂၆)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်တွင် ဘာသာရပ်အလိုက် ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြသည်။

          ထို့နောက် ပြိုင်ပွဲဝင်များက သက်ဆိုင်ရာဘာသာရပ်အလိုက် သီဆို၊ တီးခတ်၊ ကပြဖျော်ဖြေတင်ဆက် ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုနှင့် ပြိုင်ပွဲတွင် အနီးကပ်ကြီးကြပ်ပေးခဲ့ကြသည့် နည်းပြနှင့် ဒိုင်အဖွဲ့များအတွက် ဂုဏ်ပြုပန်းခြင်းနှင့် အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကာ ဂုဏ်ပြုဆု ရရှိသည့် ပြိုင်ပွဲဝင်များနှင့် ဒိုင်အဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ သည်။

          ပဲခူးမြို့၌ ကျင်းပပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ အဆိုဘာသာရပ်(၃)ခု၊ အကဘာသာရပ်(၁)ခု၊ အရေးဘာသာရပ်(၁၁)ခု၊ စုစုပေါင်းအမျိုးအစား(၁၆)ခုအား ပြိုင်ပွဲဝင်(၁၃၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၂၉)ခု၊ အထူးဆု (၂၄)ဆု၊ ငွေတံဆိပ်(၂၉)ခု၊ ကြေးတံဆိပ်(၁၆)ခုနှင့် နှစ်သိမ့်ဆု(၃၀)ဆု စုစုပေါင်း(၁၂၈)ခုနှင့် ဂုဏ်ပြုငွေသား ဆုများ ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)