Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၁

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၁၁) ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ် တို့တွင်လည်းကောင်း အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတို့ကို ထည့်သွင်းထားပြီးဖြစ် သည့်အပြင် ရွေးကောက်ပွဲကျင်းပမည့် အချိန်ကာလကိုလည်း အတိအကျ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အပိုင်း(၃)ပိုင်းခွဲ၍ ကျင်းပသွား မည်ကာ ပြည်သူများ အေးချမ်းခြုံလုံစွာ ဆန္ဒမဲပေးနိုင်ရေး၊ ကိုယ်စားလှယ်လောင်းများ၏ လုံခြုံရေးနှင့်  မဲရုံ လုံခြုံရေးများကို အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တိုင်း ဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စေနိုင်ရေး ဘက်ပေါင်းစုံမှ အလေးထားဆောင်ရွက်သွားမှာဖြစ်သလို သက်ဆိုင်ရာ ဌာနဆိုင်ရာများကလည်း ကော်မတီအလိုက်ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို သိရှိလိုက်နာ ပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်းနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နှောင့်ယှက် ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်ပတ်သက်၍ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ကြိုတင်ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပဆောင်ရွက်မည့် မြို့နယ်များရှိ မဲရုံတည်ရှိရာအလိုက် လုံခြုံရေးဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်အားလည်းကောင်း၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌက ဆန္ဒမဲပေးစနစ်နှင့် ပွင့်လင်းမြင်သာစွာ မဲပေးနိုင်ရေးနှင့် မဲမသမာမှုမဖြစ်ပေါ်စေရေး စီမံ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ၏ ပြစ်မှု၊ ပြစ်ဒဏ် များကိုလည်းကောင်း၊ တိုင်းဒေသကြီးလူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်းများနှင့် မြေပြင်အတည်ပြုလူဦးရေစာရင်းကိုအားလည်းကောင်း တင်ပြဆွေးနွေးခဲ့ကြသည်။

          ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ် သက်၍ ကြိုတင်ပြင်ဆင်ထားရမည့် အချက်များနှင့် မဲပေးစဉ်နှင့် မဲပေးပြီးကာလအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းအသေးစိတ်အား ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။