Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်မြို့၊ ဝင်္ဂဘာတောရစာသင်တိုက်၌ (၁၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားအား ကျင်းပပြုလုပ်

ပြည်မြို့၊ ဝင်္ဂဘာတောရစာသင်တိုက်၌ (၁၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားအား ကျင်းပပြုလုပ်

ပြည် စက်တင်ဘာ ၂၂

 

ပြည်မြို့၊ ဝင်္ဂဘာတောရစာသင်တိုက်၌ (၁၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားအား ယမန် နေ့  မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တက်ရောက်ကြည်ညိုခဲ့ သည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက  စူဠဘွဲ့နှင်းသဘင်ဖြစ်မြောက် ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် “မဟာသဒ္ဒမ္မဇာတိကဓဇ၊ ဂန္တဝါစကပဏ္ဍိတ၊ မဟာမင်္ဂလာဓမ္မာဇောတိကဓဇ”ဒေါက်တာဘဒ္ဒန္တဩဘာသ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ ဖတ်ကြား လျှောက်ထားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စူဠဘွဲ့နှင်းသဘင် အခမ်းအနားအတွက် အလှူငွေကျပ် (၁၀၀)သိန်းအား အဘဏ္ဍာငွေရှာဖွေရေးနှင့် အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌထံ ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲ၊ နိကာယ်စာမေးပွဲ၊ အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲတို့တွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် စာအောင်သံဃာတော် များအားလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး ဒေါ်စိုးစိုးသက်က စာအောင် သီလရှင်များအား  အဆောင်အယောင်နှင့် ဘွဲ့တံဆိပ်တော်များ ချီးကျူးဂုဏ်ပြုဆက်ကပ် ပူဇော်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ကြွရောက်လာသည့် အကြည်ညိုခံ ဆရာတော်ကြီး များထံ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြရာ စူဠဘွဲ့နှင်းသဘင် ဖြစ်မြောက်ရေးအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ပြည်မြို့ ဝင်္ဂဘာတောရ စာသင်တိုက် ဦးစီးပဓာနနာယက “မဟာသဒ္ဓမ္မ ဇောတိကဓဇ” ဒေါက်တာ ဘဒ္ဒန္တသြဘာသ အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာယူပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှအတမ်း ပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဠတု(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြကြောင်းသိရှိရသည်။

ပြည်မြို့၊ ဝင်္ဂဘာတောရစာသင်တိုက်၌ ကျင်းပပြုလုပ်သည့် (၁၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနား၌ ရဟန်း/သာမဏေ၊ သီလရှင် ဆရာကြီး/ဆရာလေး (၂၉၇)ပါးနှင့် လူပုဂ္ဂိုလ်(၄၂)ဦးတို့အား ဘွဲ့တံဆိပ်တော်နှင့် ဂုဏ်ပြုဆုငွေများ အသီးသီးဆက်ကပ်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။