Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပဲခူး နိုဝင်ဘာ ၁၀

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ နိုဝင်ဘာလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်အတွင်း ရေကြီးရေနက်ကွင်း များလျှော့နိုင်ရေးနှင့် ရေတော်မိုးတော်စိုက်ဧကများတိုးတက်လာစေရေး ရှမ်းရွာကြီးကျေးရွာနှင့် ပေပင်ချောင် ကျေးရွာအကြား၌ ဖြတ်သန်းစီးဆင်းလျက်ရှိသော ရှမ်းရွာကြီးချောင်းနှင့် မောင်မခေါ်ချောင်းတို့အား ရေကြောင်း ရှင်းလင်းခြင်း ဆောင်ရွက်မည့်နေရာသို့ ရောက်ရှိစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ရှမ်းရွာကြီးကျေးရွာဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိခဲ့ပြီး ကျောင်းထိုင် ဆရာတော်အား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကာ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုး သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း ပြည့်စုံကောင်းမွန်စေရေး အသိပညာပေး ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့နယ်၊ မယင်းကျေးရွာအုပ်စု၌ ဥဿာစိုက်ပျိုးမွေးမြူ ရေးကုန်ထုတ်လုပ်ငန်းအသင်းမှ ဒေသကြက်ကောင်ရေ(၃၅၀၀)နှင့် အသားတိုးကြက်ကောင်ရေ(၂၀၀၀) မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် တိရိစ္ဆာန်အစာ ထုတ်လုပ်သုံးစွဲမွေးမြူနိုင်ရေးနှင့် ဇီဝလုံခြုံရေးအား အထူးအလေးထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ သည်။ ၎င်းနောက် ပျဉ်ပုံကြီးဈေးသို့ ရောက်ရှိခဲ့ပြီး ပြန်လည်အဆင့်မြှင့်တင်နိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပျဉ်ပုံကြီးကျေးရွာအုပ်စု၌ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် ဥစားဘဲကောင်ရေ(၃၀၀၀)အောင်မြင်စွာ မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံဘဲမွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ လယ်မြေပေါများသည့်ဒေသဖြစ်၍ ကွင်းစာဖြင့်မွေးမြူရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ပျဉ်ပုံကြီးကျေးရွာ၊ ကျေးလက် ကျန်းမာရေးဌာနခွဲ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူးက စိုက်ပျိုးရေးဆိုင်ရာသိကောင်းစရာများအား ရှင်းလင်းပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အခြေခံပညာအထက်တန်းကျောင်း(ပျဉ်ပုံကြီး)နှင့် ပျဉ်ပုံ ရွာသစ်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)များသို့ သွားရောက်၍ ကျောင်းသား/သူများ အေးချမ်း ပျော်ရွှင်စွာပညာသင်ကြားနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ဆရာ/ဆရာမများအတွက် သီးခြားချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် ရွာသစ်ကျေးရွာဘုန်းတော်ကြီး ကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးနှင့်ပတ်သက်၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး အပြင် ပြည်ပဈေးကွက်ဝင် တန်းမြင့်ဆန်ဖြစ်သော ဒေသနှင့်ကိုက်ညီသည့် ပေါ်ဆန်းစပါးမျိုးများ ရွေးချယ် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေးထွက်ကုန်များတွင် ပိုးသတ်ဆေးဓါတ်ကြွင်းကင်းစင်စေရေး အကျယ်တဝံ့ရှင်းလင်း ပြောကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ကလိကျေးရွာ၊ အရှေ့- အနောက် မြို့ရှောင်လမ်းဆုံ၌ အဝေးပြေးနှင့် မြို့တွင်းယာဉ်ရပ်နားဝန်းသို့ ရောက်ရှိခဲ့ပြီး မြို့တွင်း၌အခြေပြု သည့် ယာဉ်လိုင်းများ အမြန်ဆုံးပြောင်းရွှေ့စေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ယာဉ်ရပ်နားဝန်းအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။