ပဲခူး ဖေဖော်ဝါရီ ၁၅

ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ (၁၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း ဦးဆောင်၍ ရွှေမော်ဓောစေတီတော်မြတ်ကြီး အတွင်းလှိုဏ်အထဲရှိ တည်ဆောက်ထားသော ဆွေးမြေ့သံဘောင်များ ပြုပြင် ဆောင်ရွက်ရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကိုနမောတဿ(သုံးကြိမ်)ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးသည် နိုင်ငံတော် အဆင့်ရှိသော စေတီတော်တစ်ဆူဖြစ်သည့်အတွက် ပြုပြင်တည်ဆောက်မှုများပြုလုပ်ရာတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ အကူအညီရယူကာ ပညာရှင်များဖြင့် အသေးစိတ်စစ်ဆေးချက်များ လုပ်ဆောင် သွားကြရမှာဖြစ်ကြောင်း၊ ပဲခူးဒေသသည် ငလျင်ကြောပေါ်တွင် တည်ရှိနေသည့်အတွက် ငလျင်ဘေးဒဏ် ခံနိုင်ရေး အလေးထားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စေတီတော်ကြီး၏ အတွင်းလှိုင်ထဲရှိ သံထောက်တိုင် များ ပြုပြင်မှုဆောင်ရွက်ရာတွင် စေတီတော်ကြီး၏ အပြင်လုံးပတ်တော်၌ ရာသီဥတုဒဏ်ကြောင့် အက်ကွဲမှုရှိ/မရှိ တစ်ပါတည်းစစ်ဆေးဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စေတီတော်မြတ်ကြီး၏ ကြံ့ခိုင်မှု စစ်ဆေးချက်ရလဒ်များနှင့် ပြင်ဆင်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်အား သက်ဆိုင်ရာသို့ တင်ပြဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီတွဲဖက်အတွင်းရေးမှူး ဦးဌေးဦးက စေတီတော်မြတ်ကြီး အတွင်းလှိုဏ်အထဲရှိ တည်ဆောက်ထားသော ဆွေးမြေ့သံဘောင်များ စစ်ဆေးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး KMA ကုမ္ပဏီမှ အင်ဂျင်နီယာချုပ် ဦးဝင်းနိုင်ထွန်းနှင့် KTN Structural Design Group အင်ဂျင်နီယာ ဦးကျော်သူနိုင်တို့က အတွင်းလှိုင်အတွင်းအဆင့်လိုက် ဆောင်ရွက် ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဂေါပကအဖွဲ့များ၊ တာဝန်ရှိသူများက လုပ်ငန်းနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြကြသည်။ ၎င်းနောက်ဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ၍ ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်၌ တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုဝင်များ၏ အလှူတော်အဖြစ် နေပူခံကျောက်ပြားခင်းနေမှုနှင့် စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုဖြင့် သာသနိက အဆောက်အဦများ ဘက်စုံပြုပြင်မွမ်းမံနေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website