Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ သည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ သည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပြည် ဩဂုတ် ၂၃

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့  မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပြည်မြို့၊ မွေးမြူရေးဇုံသို့ သွားရောက်ခဲ့ရာ ရှင်းလင်းဆောင်၌ တိရစ္ဆာန်မွေးမြူမှုထားရှိမှု အခြေအနေများအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စဉ်ဆက်မပြတ် မွေးမြူထုတ်လုပ်နိုင်ရေး၊ တိရစ္ဆာန်အစာအား ဒေသထွက်အစာများဖြင့် မွေးမြူနိုင်ရေး၊ သောက်သုံးရေပြည့်ဝစွာရရှိရေး၊ စိမ်းလန်းစိုပြေစေရေး သစ်ပင်များစိုက်ပျိုးသွားရန်နှင့် ဝင်/ထွက်လမ်းများ ကောင်းမွန်စေရေး ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မွေးမြူရေးဇုံအတွင်း၌ မွေးမြူထား ရှိသည့် ဒေသနွား၊ ဒေသကြက်၊ ဒေသဆိတ်နှင့် အသားစားကြက် မွေးမြူထားရှိမှုတို့အား ကြည့်ရှုအားပေးခဲ့ ပြီး တိရစ္ဆာန်အစာများ စိုက်ပျိုးသွားနိုင်ရေးနှင့် တိရစ္ဆာစွန့်ပစ်ပစ္စည်းများဖြင့် သဘာဝမြေဩဇာထုတ်လုပ် ရောင်းချနို်ငရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ၎င်းနောက် မွေးမြူရေးဇုံ အတွက် သောက်သုံးရေလုံလောက်စွာရရှိရေး လျှိုပိတ်မြေသားတမံ တည်ဆောက်မည့်နေရာသို့ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်မြို့၊ နဝဒေးစက်မှုဇုန်ရှိ လုပ်ငန်းရှင် ဦးကြင်ဦး၏ SOGO ရေတိုင်ကီနှင့် ရေခဲပုံးထုတ်လုပ်သည့် အလုပ်ရုံနှင့် လုပ်ငန်းရှင် ဦးတင်လှ၏ “ခြင်္သေ့မင်း” ဆန်စက်မှထွက်ရှိလာသည့် စွန့်ပစ်စပါးခွံမှ လောင်စာတောင့်ထုတ်လုပ်နေမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့သည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်မြို့၊ စက်မှုဇုန်စီမံခန့်ခွဲ ရေးကော်မတီရုံးသို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စက်မှုဇုန် ဝင်/ထွက်လမ်းများ ကောင်းမွန် စေရေး၊ လျှပ်စစ်မီးလုံလောက်စွာရရှိရေး၊ စက်မှုဇုန်မှ ထွက်ရှိလာသည့် ကုန်ပစ္စည်းများအပေါ် ဒေသသုံးနှင့် ပြည်ပပို့ကုန် ခွဲခြား၍ စာရင်းဇယားအချက်အလက်များ စနစ်တကျ မှတ်တမ်းတင်ထားရှိရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် လုပ်ငန်းရှင်ဒေါ်ဌေးဌေးမော်၏ ဒေသထွက်ကုန်ကြမ်း ပစ္စည်းများဖြင့် ပြည်ပပို့ကုန်အစားထိုး ဒေသစပ်ကြက်စာ ထုတ်လုပ်နေမှုနှင့် ကိုယ်တိုင် ဥစားကြက် ကောင်ရေ(၁၀၀၀၀) မွေးမြူထားရှိမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ဥစားကြက်အပြင် အသားတိုးကြက်များ တိုးချဲ့မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။