Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက် နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက် နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး အောက်တိုဘာ ၆

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၆ ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့အတွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက် နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက် ရေကြီးနစ်မြှုပ်မှု လျော့နည်းသပ်သာစေရေး ပန်းဆိုးချောင်း တူးဖော်နေမှု၊ ပုဏ္ဏားစုရပ်ကွက် ဟံသာဝတီရှေးဟောင်းကျုံး ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှု၊ မုန်တိုင်ကျေးရွာ ရေနစ် မြှုပ်မှုကာကွယ်ရေး ရေထုတ်ချောင်းရိုး ပြန်လည်အဆင့်မြှင့်တင်ပေးနေမှု၊ ဥဿာ မြို့သစ်၊ (၇)ရပ်ကွက်အတွင်း ရေဝပ်မှုမရှိစေရေး ရေလမ်းကြောင်းရှင်းလင်းခြင်းလုပ်ငန်းနှင့် ရပ်ကွက် အတွင်း ရေမြာင်းများ အမှိုက်ပိတ်ဆို့မှုမရှိစေရေး ရှင်းလင်းဆောင်ရွက်နေမှုတို့အား လိုက်လံကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြစ်ချောင်းများရှိ ရေများအား စနစ် တကျစီးဆင်းစေရန်၊ ရေကြီးရေလျှံမှု လျော့နည်းစေရန်၊ စိုက်ပျိုးရေနှင့် သောက်သုံးရေတို့အတွက် အကျိုး ရှိရှိ အသုံးချနိုင်စေရေး ဆောင်ရွက်ကြရန်၊ ရပ်ကွက်အတွင်း၌ ရေဝပ်ကျန်ရှိမှုမရှိစေရေး၊ ဟံသာဝတီ ရှေးဟောင်းကျုံးအတွင်း ရေဝင်/ရေထွက် ကောင်းမွန်စေရေးနှင့် ရေထုတ်မြောင်းများ၌ အမှိုက်များပိတ်ဆို့ မှုမရှိစေရေးနှင့် ကျူးကျော်မှုများမရှိစေရေး မြို့နယ်များအလိုက် စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။