ပဲခူး နိုဝင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ နိုဝင်ဘာ လ ၂ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးစက်မှုနယ်မြေ၌ လုပ်ငန်းရှင် ဦးသူရကြိုင်၏ FUDO မုန့်မျိုးစုံလုပ်ငန်းသို့ သွားရောက်ကြည့်ရှုခဲ့ရာ တာဝန်ရှိသူတစ်ဦးက ကုန်ကြမ်းရရှိမှု နှင့် မုန့်မျိုးစုံထုတ်လုပ်နေမှုတို့အား လိုက်လံရှင်းလင်းပြသခဲ့ရာ ရာသီမရွေး လုပ်ငန်းလည်ပတ်နိုင်ရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်စေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ တောင်သုံးလုံးကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးအောင်မြင့်၏ ဥစားကြက်ကောင်ရေ (၄၀၀၀၀) မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူများသို့ ခြံတိုက်ရိုက်ဈေး ဖြင့် ရောင်းချပေးနိုင်ရေး တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ကျောက်တန်း ကျေးရွာအုပ်စု၌ လုပ်ငန်းရှင် ဦးမောင်သန်း၏ “မြေသုခ” အမှတ်တံဆိပ်ဖြင့် အသုံးပြုပြီးသော စွန့်ပစ် လက္ဘက်ခြောက်အခြေခံ၍ သဘာဝမြေဩဇာထုတ်လုပ်ရေး အလုပ်ရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး သဘာဝမြေဩဇာဖြင့် သီးနှံစမ်းသပ်ကွက်များ ဖော်ဆောင်ပေးရန်နှင့် သဘာဝမြေဩဇာတိုးချဲ့ထုတ်လုပ် နိုင်ရေး ကုန်ကြမ်းပစ္စည်းများ စဉ်ဆက်မပြတ်ရရှိရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ အိုးဘိုကျေးရွာသို့ ရောက်ရှိခဲ့ပြီး တစ်ကွင်းတစ်ဆက်တည်း လယ်မြေဧက(၅၀)၌ လက်ကိုင်းရှည်ဖြင့် တွဲဘက်အသုံးပြုရသည့် ပဲမျိုးစုံစေ့ချစက်ဖြင့် ဆောင်းသီးနှံ ဆီထွက်ပုတ်စိုက်ပျိုးနေမှုနှင့် မြေယာပြုပြင်နေမှုတို့အား ကြည့်ရှုအား ပေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ဆီထွက်သီးနှံ ပဲပုတ်မျိုးစေ့များ ပံ့ပိုးပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website