Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁.၈၅၇)သန်းနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ကျပ် (၃၆၉၆.၈၉၄)သန်း တိုးတက်ဝင်ရောက်ခဲ့

ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁.၈၅၇)သန်းနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ကျပ် (၃၆၉၆.၈၉၄)သန်း တိုးတက်ဝင်ရောက်ခဲ့

ပဲခူး နိုဝင်ဘာ ၃

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်း အဝေး (၂/၂၀၂၆) ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များကို တန်ဖိုးမြှင့်ကုန်ပစ္စည်းများအဖြစ် ပြည်ပသို့တင်ပို့သည့်လုပ်ငန်းများနှင့် ပြည်ပသွင်းကုန်အစားထိုး ထုတ်လုပ်သည့်လုပ်ငန်းများကို ဦးစားပေး ဖိတ်ခေါ်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ တည်ထောင်ပြီးသား ပြည်တွင်း/ပြည်ပစက်ရုံများ ရေရှည် တည်တံ့စေရေးနှင့် ရင်းနှီးမြှုပ်မှုတိုးချဲ့လာနိုင်စေရေး ဥပဒေနှင့်အညီ အကာအကွယ်ပေးခြင်းများကို ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း တိုးတက်လာစေရေးနှင့် ထိုက်သင့် သည့် လုပ်ခ/ လစာ ရရှိစေရေး သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ် ပေးသွားရမှာဖြစ်ကြောင်း၊ စက်ရုံ/အလုပ်ရုံများ၌ ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်ပြီးခဲ့သူများအား သက်ဆိုင်ရာ ကျွမ်းကျင်မှုများအလိုက် အလုပ်အကိုင်ရရှိစေရေး အလေးထား ဆောင်ရွက်ပေးရန်နှင့် တက်ရောက်လာသည့် ကော်မတီဝင်များအနေဖြင့် တိုင်းဒေသကြီးအကျိုး၊ နိုင်ငံ့ကောင်းကျိုးရှေးရှု၍ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးတက်စေရေး ဝိုင်းဝန်း အကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးက ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် Asian Great Myanmar Co., Ltd မှ အထပ်သား ထုတ်လုပ်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် လျှောက်ထားလာမှု၊  စက်ပစ္စည်းတင်သွင်းခြင်း ရင်းနှီးမြှုပ်နှံ မှုတိုးခြင်းနှင့် စက်ရုံ/အလုပ်ရုံ တည်ဆောက်ရေးကာလ သက်တမ်းတိုးခြင်းစသည်တို့အား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြသည်။

          ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များက ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးတက်ဝင်ရောက်နိုင်ရေး အခွင့်အလမ်းကောင်းများနှင့် လျှင်မြန်လွယ်ကူစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး ကဏ္ဍအလိုက် ပံ့ပိုးကူညီဆောင်ရွက်နေမှု အခြေအနေ များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် စက်မှု လုပ်ငန်း(၂)ခုမှ အမေရိကန်ဒေါ်လာ(၁.၈၅၇)သန်းနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအဖြစ် စက်မှုလုပ်ငန်း(၁)ခုမှ ကျပ် (၃၆၉၆.၈၉၄) သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း(၇၅)ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။