Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / KG တိုင်းရင်းသား ကျောင်းသား/ကျောင်းသူများအတွက် တိုင်းရင်းသား ပုံပြပုံပြင်စာအုပ်များ ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

KG တိုင်းရင်းသား ကျောင်းသား/ကျောင်းသူများအတွက် တိုင်းရင်းသား ပုံပြပုံပြင်စာအုပ်များ ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၂၁

============

       ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဓမ္မစေတီလမ်းနှင့် သစ်တောရိပ်သာလမ်းထောင့်ရှိ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ရုံး၊ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၁)ရက်နေ့ နံနက်ပိုင်းက KGတိုင်းရင်းသား ကျောင်းသား/ကျောင်းသူများအတွက် တိုင်းရင်းသားပုံပြ ပုံပြင်စာအုပ်များ ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

         ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ KG တိုင်းရင်းသား ကျောင်းသား/ ကျောင်းသူများအတွက် တိုင်းရင်းသားတို့၏ ပုံပြပုံပြင်စာအုပ်များကို ပေးအပ်ရခြင်းသည် တိုင်းရင်းသား ကလေးငယ်များ မိမိတို့၏ ဘာသာစကားနှင့် စာပေကို ပိုမိုစိတ်ဝင်စားလာစေရန်ဖြစ်ကြောင်း၊ ယခု ပေးအပ် သည့် တိုင်းရင်းသား ပုံပြပုံပြင်စာအုပ်များသည် တိုင်းရင်းသားကလေးငယ်များ၏ မူလတန်းစာပေ သင်ကြား ရာတွင် များစွာအထောက်အကူဖြစ်စေရန်၊ ကျောင်းထွက်နှုန်း လျော့ကျစေရန်ဖြစ်ကြောင်း၊ တိုင်းရင်းသား တို့၏စာပေနှင့် ဘာသာစကားတို့ကို အားပေးမြှင့်တင်ခြင်းဖြင့် တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှု ချစ်ကြည်လေးစားမှုတို့ကို ရရှိစေမှာဖြစ်ကြောင်း၊ တိုင်းရင်းသား ကျောင်းသား/ ကျောင်းသူများအနေဖြင့် မိမိတို့၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုများကို အလေးအနက် တန်ဖိုးထားတတ်စေရန် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက အားသွန်ခွန်စိုက်ကြိုးစား ဆောင်ရွက်စေလိုကြောင်း အမှာစကား ပြောကြားသည်။

         ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကယား၊ ကရင်နှင့် အရှိုချင်း တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ကော်မတီများထံသို့ ပုံပြပုံပြင်စာအုပ်များကိုလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက ပအိုဝ့်နှင့်ဗမာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီများထံသို့ ပုံပြပုံပြင်စာအုပ်များကိုလည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က မွန်နှင့်ရှမ်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီများထံသို့ ပုံပြပုံပြင်စာအုပ်များကိုလည်းကောင်း၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းသန်းက ရခိုင်တိုင်းရင်းသားများအတွက် တိုင်းရင်းသား ပုံပြပုံပြင်စာအုပ်များကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။

ယင်းနောက် တိုင်းသားစာပေနှင့် ယဉ်ကျေးမှု့အဖွဲ့များကိုယ်စား အဖွဲ့ဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပြီး ပြခန်းအတွင်း ပြသထားသည့် တိုင်းရင်းသားစာပေ ပုံပြပုံပြင်စာအုပ် များအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

        တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြီး KG တိုင်းရင်းသား ကျောင်းသား/ကျောင်းသူများဖြစ်သော ကယား၊ စကောကရင်၊ အရှိုချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပအိုဝ့်နှင့် ဗမာ စသည့်တိုင်းရင်းသားများနှင့် သက်ဆိုင်သည့် ပုံပြပုံပြင်စာအုပ်ပေါင်း(၁၀၃၆၄၃)အုပ် ခွဲဝေ ပေးအပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။