ပဲခူး ဇူလိုင် ၄
ပဲခူးတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ(၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတက္ကသိုလ် အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ဘတ်စကက်ဘော (အမျိုးသား) သင်္ချာအသင်းနှင့် သတ္တဗေဒအသင်းတို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ကထိကများ၊ ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား/ကျောင်းသူများ၊ ကြည့်ရှု့အားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်က ဒိုင်များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဥပဒေချုပ်တို့က အမျိုးသား/အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုတံဆိပ်နှင့်ငွေသားဆုများ ချီမြှင့်ပေးအပ်သည်။
ယင်းနောက် ဘတ်စကက်ဘောပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက်အကောင်းဆုံး ဆုရအားကစားသမားဆု များအား တိုင်းရင်းသားရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က ဆုတံဆိပ်နှင့်ငွေသားဆု များ ချီးမြှင့်ပေးအပ်ပြီး ဘတ်စကက်ဘောပြိုင်ပွဲ (အမျိုးသမီး) ဒုတိယဆုရရှိသော သင်္ချာဘာသာရပ် အသင်းနှင့် ဘတ်စကက်ဘောပြိုင်ပွဲ (အမျိုးသား) ဒုတိယဆုရရှိသော သတ္တဗေဒဘာသာရပ်အသင်းတို့အား လူမှုရေးရာဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီးတို့က ဆုတံဆိပ်များနှင့်ငွေသားဆုများကိုလည်းကောင်း၊ ဘတ်စကက်ဘောပြိုင်ပွဲ(အမျိုးသမီး) ပထမဆုရရှိသော သတ္တဗေဒဘာသာရပ်အသင်းနှင့် ဘတ်စကက် ဘောပြိုင်ပွဲ(အမျိုးသား) ပထမဆုရရှိသော သင်္ချာဘာသာရပ်အသင်းတို့အား စီးပွားရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်တို့က တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြိီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသမီး တံခွန်စိုက်ဆုရရှိသော သတ္တဗေဒအသင်းနှင့် အမျိုးသားတံခွန်စိုက်ဆုရရှိသော သင်္ချာဘာသာရပ်အသင်း တို့အား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ပဲခူးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဘတ်စကက်ဘောပြိုင်ပွဲကို ပြိုင်ပွဲကို ဇူလိုင်လ(၂)ရက်နေ့မှ (၄)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပဲခူးတက္ကသိုလ် ဘာသာရပ် ပေါင်းစုံမှ အမျိုးသား(၈)သင်း၊ အမျိုးသမီး(၃)သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။