ပဲခူး ဇွန် ၂၉
—————————
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇွန်လ (၂၉)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၁) အစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေ သည့် အခြေအနေများနှင့် Sudey Industrial Myanmar Co., Ltd ၊ Myanmar Yarn & Fabric Technology နှင့် Panko Bago Co., Ltd တို့၏ ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးချဲ့ဆောင်ရွက်လိုသည့် အမှုတွဲများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များက အကြုံပြုဆွေးနွေး ခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက အထွေထွေ စက်မှုလက်မှုလုပ်ငန်းမြေအဖြစ် ရရှိထားသော်လည်း အချို့လုပ်ငန်းရှင်များသည် လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ခြင်းမရှိဘဲ မြေနေရာဦးထားကာ ဈေးကွက်တစ်ခုကဲ့သို့ ဆောင်ရွက်နေသည်ကို ကြားသိနေရ၍ အမှန်တကယ် လုပ်ငန်းဆောင်ရွက်ခြင်းမရှိသည့် မြေနေရာများအား မြေပြင် ကွင်းဆင်းစိစစ်တင်ပြရန်၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက်လာမှသာ ဒေသအတွင်း အလုပ် လက်မဲ့ဦးရေ လျော့ကျသွားမည် ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများသည် သဘာဝဂေဟစနစ်ကို မထိခိုက်စေဘဲ လုပ်သားဦးရေများများ အလုပ်အကိုင် အခွင့်အလမ်းပေးနိုင်သည့် လုပ်ငန်းများအား စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုဝင်ရောက်လာစေရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မြှင့်တင်ရေးပြပွဲများပြုလုပ်၍ ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များအား ဖိတ်ကြားဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါအစည်းအဝေး၌ တင်ပြသည့် ကုမ္ပဏီ(၃)ခု၏ လုပ်ငန်းတိုးချဲ့ ဆောင်ရွက်မှုကြောင့် ပဲခူးမြို့နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်း (၁၀၀၀)ကျော် ရရှိမည်ဖြစ်ပြီး တိုင်းဒေသကြီး အတွင်းသို့လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၂၁.၅)သန်းကျော် စီးဝင်လာမည် ဖြစ်ကြောင်း သတင်းရရှိသည်။
 
					 
 ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
				

