ပဲခူး ဖေဖော်ဝါရီ ၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဖေဖော်ဝါရီလ(၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ရေဝပ် ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူတို့က ပြင်ဆင်မွမ်းမံပြီးစီးခဲ့သည့် မိုးယွန်းကြီးအင်း ပညာပေးပြခန်း ဆိုင်းဘုတ်အား အမွှေးနံ့သာရည် ပက်ဖြန်း၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် မိုးယွန်းကြီးအင်းအတွင်း နေထိုင်ကျက်စားသည့် တောရိုင်းတိရစ္ဆာန်ပုံသွင်းရုပ်လုံး များ၊ ဆေးစိမ်ရုပ်ကြွင်းများနှင့် Flyway Network Site (ငှက်ပျံသန်းမှု လမ်းကြောင်းဒေသ) မြေပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထို့နောက် မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ကြိုးကြာခန်းမ၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ရေဝပ် ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရေဝပ်ဒေသများသည် ကျန်းမာပျော်ရွှင်သော လူနေမှုဘဝများကို ပံ့ပိုးပေးလျက်ရှိရာ လူသားတိုင်း၏ အနာဂတ် ကောင်းမွန်သာယာနိုင်စေရေးအတွက် ရေဝပ်ဒေသများကို ထိန်းသိမ်းကာကွယ် သွားရန် လိုအပ်မှာဖြစ်ကြောင်း၊ မိုးယွန်းကြီးအင်းသည် ကုန်းတွင်းရေဝပ်ဒေသဖြစ်ကာ ဆောင်းခိုငှက်များ၊ မျိုးသုဉ်းရန်အန္တရာယ်ရှိသော ငှက်မျိုးစိတ်များ ကျရောက်ကျက်စားခြင်းနှင့်အတူ အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းကွန်ရက်နယ်မြေတစ်ခုဖြစ်ခြင်း၊ သဘာဝဂေဟစနစ်များ ကောင်းမွန်မှုရှိခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝခြင်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင်ရာ အလာအလားကောင်းများ ရှိ သည့်အတွက် အာဆီယံအမွေ အနှစ်ဥယျာဉ်အဖြစ် အဆိုပြုတင်သွင်းခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက် လျက်ရှိကြောင်း၊ မိုးယွန်းကြီးအင်းရေဝပ်ဒေသ၏ ဝန်ဆောင်မှုနှင့် သယံဇာတများအား ရေရှည်ထုတ်ယူသုံးစွဲ နိုင်ရေးအတွက် ဂေဟစနစ်များ သဘာဝအတိုင်း ကောင်းမွန်စွာတည်ရှိနိုင်ရေး ပြည်သူလူထု အသိပညာ ပေးခြင်း၊ လူထုအခြေပြု ထိန်းသိမ်းရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူက မိုးယွန်းကြီးအင်းရေဝပ်ဒေသ၏ အရေးပါပုံနှင့် ထိန်းသိမ်းစောင့်ရှောက်မှုမှ တစ်ဆင့် ဒေသခံပြည်သူများထံသို့ ပြန်လည်အကျိုးပြုပုံတို့အား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေဝပ်ဒေသထိန်းသိမ်းရေး ဗွီဒီယိုအား ကြည့်ရှုခဲ့ကြပြီး၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆုရကျောင်းသား/သူများ၏ စာစီစာကုံး၊ ပန်းချီ၊ ပိုစတာများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။