သာယာဝတီ ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) စိုက်ပျိုးရေးနှင့် မွေးမြူရေး ထွက်ကုန်များ ပိုလျှံစွာထုတ်လုပ်နိုင်ရေး ကွင်းဆင်းကြည့်ရှုအားပေး ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကြို့ပင်စခန်းကျေးရွာ၌ ဒေါ်လွင်မာစိုးမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဥစားဘဲကောင်ရေ(၇၀၀၀) အောင်မြင်စွာ မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး မိုးစပါးအထွက်နှုန်းကို အဓိကထိခိုက် စေသည့် ရွှေခရုအားနှိမ်နင်းရာတွင် ဘဲမွေးမြူ၍ စပါးခင်းထဲ လွတ်ကျောင်းစနစ်သည် အကောင်းဆုံးဖြစ် ကာ တိရိစ္ဆာန်အစာဖိုးသက်သာခြင်းနှင့်အတူ မိုးစပါးအထွက်နှုန်း မထိခိုက်ခြင်း၊ သဘာဝအစာဖြင့် ရရှိ လာသည့် ဘဲဥအား ဒေသတွင်း စျေးနှုန်းသက်သာစွာ ရောင်းချနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်သဖြင့် မိုးစပါးစိုက်တောင်သူတိုင်း ကွင်းအလိုက် အစုအဖွဲ့စနစ်ဖြင့် ဥစားဘဲ၊ အသားစားဘဲ မွေးမြူ နိုင်ရေး အသိပညာပေးစည်းရုံး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ သပြေကုန်း ကျေးရွာ၌ ဦးကျော်နိုင်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အသားတိုးနွားမျိုးဖြစ်သည့် ဘရာမင်၊ နွားပြာ စိမ်း၊ နွားရွှေနီနှင့် ဖရီရှန် စုစုပေါင်းကောင်ရေ(၅၀) အောင်မြင်စွာ မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့ပြီး ဒေသနွားမျိုးများကိုလည်း မျိုးမြှင့်တင်ခြင်းဆောင်ရွက်သွားရန်၊ ခြံလှောင်မွေးမြူခြင်းမှ ရရှိလာသည့် တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းများဖြင့် သဘာဝမြေဩဇာထုတ်လုပ်ရန်၊ နေဗီယာမြက် စိုက်ပျိုးရန်နှင့် ဇီဝလုံခြုံရေး ဂရုပြုမွေးမြူရန် လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ပေါင်းတည်မျိုးသန့်ခြံ၊ မျိုးစေ့ ဌာနခွဲ၌ ပဲခူးတိုင်းဒေသကြီးမှ ထုတ်လုပ်ထားသည့် လက်စွဲကောက်စိုက် စက်ဖြင့် အောင်နိုင်တိုးစပါးမျိုး စိုက်ပျိုးသရုပ်ပြသနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တောင်သူ ဝင်ငွေတိုးတက်စေရေးအတွက် တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုသက်သာစေရေး နည်းလမ်းများရှာဖွေပေးရန်၊ သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာ အချိုးကျနည်းစနစ်မှန်မှန် သုံးစွဲရန်၊ ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း ပြည့်စုံကောင်းမွန်စေရေးနှင့် မိသားစု တစ်ပိုင်တစ်နိုင် ဝင်ငွေတိုးစေရေး ကျေးရွာများတွင် ဒေသနွား၊ ဒေသဝက်နှင့် ဒေသကြက်အား ခြံလှောင်စနစ်ဖြင့် တစ်ပိုင်တစ်နိုင်အဆင့်မှ စီးပွားဖြစ် မွေးမြူနိုင်ရေး စည်းရုံးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ ဇရစ်ချောင်ကျေးရွာရှိ “စိန်ကမ္ဘာဦး” လယ်ယာသုံးပစ္စည်းထုတ်လုပ်ရေးအလုပ်ရုံသို့ ရောက်ရှိခဲ့ရာ တို်ငးဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ပေါင်ကြီးတင်စနစ်ပါ နှမ်းအစေ့ချစက်နှင့် ကြံစိုက်စက် ထုတ်လုပ်ထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများနှင့်ပေါင်းစပ်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။