ပဲခူး ဇူလိုင် ၁၇
မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်း၌ တရားမဝင်ကုန်သွယ်မှုများ ထိရောက်စွာတားဆီး ထိန်းချုပ်နိုင်ရန်အတွက် ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း ကုန်ပစ္စည်းစတင်စစ်ဆေးခြင်း အခမ်း အနားကို ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေး စခန်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရဖွဲ့ဝင် ဝန်ကြီး များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တရားမဝင်ကုန်သွယ်မှုများ သည် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို အဟန့်အတားဖြစ်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေများ ဆုံးရှုံးမှုဖြစ် ပေါ်စေပါကြောင်း၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များနှင့် OSS ဌာနဆိုင်ရာများအား စဉ်ဆက်မပြတ်တွန်းအားပေး ကြပ်မတ်ဆောင် ရွက်လျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်သည့် ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်းနေရာသည် Choke Point နေရာအဖြစ် ရွေးချယ်၍ တည်ဆောက်ထားခြင်းဖြစ်သဖြင့် တရားမဝင်ကုန်သွယ်မှု တားဆီး၊ ဖမ်းဆီး မှုများကို ထိရောက်စွာ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တာဝန်ကျဝန်ထမ်းများအနေဖြင့် မိမိတို့ဌာန အလိုက် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် မှတ်ယူ ၍ စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြား ခဲ့သည်။ ၎င်းနောက် အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက ညောင်ခါးရှည်အမြဲတမ်း စစ်ဆေးရေးစခန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရတို့က ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်း လုပ်ငန်းစတင်ခြင်း အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကုန်ပစ္စည်းစစ်ဆေးနေမှု အခြေအနေများ အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အနောက်ဘက်မြို့ရှောင် လမ်း၊ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့၊ နည်းပညာအထောက်အကူပြု ရုံး၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လုပ်ငန်းကဏ္ဍအသီးသီးတွင် လိုအပ်သော ကျွမ်းကျင် လုပ်သားအဆင့်ဆင့်ကို စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး၊ အလုပ်သမားများအား စနစ်တကျ လေ့ကျင့် သင်ကြားပေးခြင်းအားဖြင့် ထုတ်လုပ်မှုကို အရေအတွက်သာမက အရည်အသွေးပါတိုးတက်မြင့်မားလာစေ ရေး၊ ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် စနစ်တကျ လေ့ကျင့်သင်ကြားထားသော လုပ်သားထုတစ်ရပ် မွေးထုတ်ပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး ရည်ရွယ်ချက်ဖြင့် အမျိုးသားလျှပ်စစ်ကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ပဲခူးမြို့၊ အနောက်ဘက်မြို့ရှောင် လမ်းဘေးရှိ မိုးစပါးစိုက်ခင်းများ ရေကြီးနစ်မြှုပ်မှုသက်သာစေရေး ရေထုတ်မြောင်းနှင့် တာဘောင်ဖို့ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ချက်နှင့်အညီ အချိန်မီပြီးစီးရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။