ပဲခူး ဇူလိုင် ၁၈
တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပဲခူးခရိုင်အတွင်းရှိ တောင်သူများအတွက် မျိုးစေ့ချကိရိယာ (Drum Seeder)များ ပေးအပ်ပွဲအခမ်းအနားကို ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၁၈)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း စပါးသီးနှံအပါအဝင် သီးနှံ များ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေဧရိယာတိုးချဲ့ခြင်းထက် ပိုမိုလက်တွေ့ကျသည့် သီးနှံအလိုက် တစ်ဧကအထွက်နှုန်းတိုးတက်ရေး၊ သီးထပ်စွမ်းနှင့် သီးနှံစိုက်စွမ်းအား တိုးတက်ရေးကို ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများအတွက် စပါးစိုက်ပျိုးမှု ကုန်ကျစရိတ်လျှော့ချနိုင်စေရန် အတွက် Drum Seeder များဖြင့် စိုက်ပျိုးခြင်းအားဖြင့် လူတစ်ဦးလျှင် တစ်ရက်(၄) ဧကကျော် (၅)ဧကခန့် ပြီးစီးနိုင်သည့်အပြင် ပုံမှန်စိုက်ပျိုးခြင်းထက် (၁၀)ရက်/(၁၅)ရက် စောရိတ်သိမ်းနိုင်မည်ဖြစ်ကာ ပျိုးထောင် စရိတ်၊ ပျိုးနုတ်စရိတ်၊ ပျိုးသယ်စရိတ်၊ ပျိုးချစရိတ်နှင့် ကောက်စိုက်စရိတ်များ လျော့ချနိုင်မှာဖြစ်၍ မိသားစုဝင်ငွေများလည်း တိုးတက်လာမှာဖြစ်ကြောင်း၊ တစ်နှစ်(၃)သီးစိုက် နေရာများအတွက် သီးနှံစိုက် ရာသီစက်ဝန်း အချိန်မီမှန်ကန်စေနိုင်မှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ယခုနှစ်စိုက်ပျိုးရာသီ အတွက် စိုက်နည်းစနစ် မှန်ကန်စေရေးအတွက်ပေးအပ်လိုက်သည့် Drum Seeder များကို အကျိုး ရှိရှိစနစ်တကျ စံနမူနာပြသုံးစွဲပြီး မိမိတို့နီးစပ်ရာတောင်သူများ ကျယ်ကျယ်ပြန့်ပြန့် လိုက်ပါသုံးစွဲနိုင်ရေး စည်းရုံးဆောင် ရွက်သွားရန်နှင့် စပါးသီးနှံအပါအဝင် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန် ထွက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတို့က ပဲခူးခရိုင်အတွင်းရှိ ပဲခူးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်တို့မှ ဒေသခံ တောင်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ထုတ်လုပ်ခဲ့သော မျိုးစေ့ချကိရိယာ (Drum Seeder) (၁၅၀)လက်အား ပေးအပ်ချီးမြှင့်ခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ် ထားသည့် လက်ဆွဲကောက်စိုက်စက်၊ Drum Seeder နှင့် လူလိုက်ပါစီးနင်းနိုင်သည့် ကောက်စိုက်စက်တို့ဖြင့် စိုက်ပျိုးခြင်း၊ အသိပညာပေးခြင်း Video Clip အား ပြသခဲ့ပြီး ဒေသခံတောင်သူတစ်ဦးက တိုင်းဒေသကြီး အစိုးရအဖွဲ့၏ မျိုးစေ့ချကိရိယာ (Drum Seeder)ပေးအပ်မှုပေါ် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးဇူးတင်ကတိပြုစကား ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ တက်ရောက်လာသည့် တောင်သူများ က မျိုးစေ့ချကိရိယာ (Drum Seeder)များနှင့် ပဲခူးတိုင်းဒေသကြီးမှ ထပ်မံထုတ်လုပ်ရောင်းချလျက်ရှိသော လူလိုက်ပါစီးနင်းနိုင်သည့် ကောက်စိုက်စက် သရုပ်ပြသမှုတို့အား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိ သည်။