သာယာဝတီ ဩဂုတ် ၁၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင် ကောက်စိုက်စွမ်းရည်ပြိုင်ပွဲနှင့် လယ်ယာသုံးစက်ကိရိယာ များ သရုပ်ပြသပွဲသို့ တက်ရောက်ချီးမြှင့် ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သာယာဝတီမြို့နယ်၊ သင်တောရိုး ကျေးရွာအုပ်စုရှိတစ်ကွင်းတစ်ဆက်တည်း မိုးစပါးစိုက်ဧက(၂၀၀)၌ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ကောက်ကွက် ပြည့်မီရေးနှင့် သတ်မှတ်ကောက်ပင်အရည်အတွက် ဝင်ဆံ့နိုင်ရေး မြို့နယ်အလိုက် ကောက်စိုက်လုံမေများ ဖြင့် ကောက်စိုက်စွမ်းရည် ယှဉ်ပြိုင်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ထို့နောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပျိုးထောင်ကောက်စိုက်ခြင်းသည် စပါးပင်ရောဂါ ကင်းရှင်းခြင်း၊ ရွှေခရုဖျက်စီးမှုသက်သာခြင်း၊ ပေါင်းရှင်းပေါင်းလိုက်မှုသက်သာခြင်း၊ ပင်ပွားနှုန်းကောင်းမွန် ခြင်းတို့အပြင် ဒေသခံတောင်သူလယ်သမားများအတွက် ရိုးရာယဉ်ကျေးမှုအထိမ်းအမှတ်ပွဲတော်တစ်ခု ဖြစ်ကြောင်း၊ တက်ရောက်လာသည့် ဒေသစုံတောင်သူများအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ် ထားသည့် တန်ဖိုးသင့်လယ်ယာသုံးစက်ကိရိယာများကို တစ်နေရာတည်း စုစည်းတွေ့မြင်ရခြင်း၊ သရုပ်ပြ စိုက်ပျိုးမှုအား လက်တွေ့မြင်ရခြင်းတို့အပြင် ဝယ်လိုလိုပါက ချေးငွေစနစ်ဖြင့် ဆောင်ရွက်ပေးသွားမှာဖြစ် ကြောင်းနှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း ပြည့်စုံမှန်ကန်ရန် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကောက်စိုက်စွမ်းရည်ပြိုင်ပွဲ၌ နှစ်သိမ့်ဆုရရှိသော ကြို့ပင်ကောက်မြို့နယ် ၊ မင်းလှမြို့နယ်နှင့် လက်ပံတန်းမြို့နယ် ကိုယ်စားပြု ကောက်စိုက်အသင်းတို့အား တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများကလည်းကာင်း၊ တတိယဆုရရှိသည့် သာယာဝတီမြို့နယ်ကိုယ်စားပြု ကောက်စိုက် အသင်းအား စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် မိုးညိုမြို့နယ်ကိုယ်စားပြု ကောက်စိုက်အသင်းအား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ ပထမဆုရရှိသည့် အုတ်ဖို မြို့နယ်ကိုယ်စားပြု ကောက်စိုက်အသင်းအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကောက်စိုက်စွမ်းရည်ပြပွဲ၌ သာယာဝတီခရိုင် အတွင်း မြို့နယ်(၆)မြို့နယ်မှ တက်ရောက်လာခဲ့ တောင်သူများအတွက် သာယာဝတီမြို့နယ်၊ လယ်ယာသုံး စက်ကိရိယာထုတ်လုပ်သူ လုပ်ငန်းရှင် ဦးမြင့်စိုး၏ တောင်သူတစ်ပိုင်တစ်နိုင် တန်ဖိုးသင့် စပါးတင်း (၃၅၀)ဆံ့ အခြောက်ခံစက်ထုတ်လုပ်ထားရှိမှု၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ပဲခူး တိုင်းဒေသကြီးမှ ထုတ်လုပ်ထားသည့် လယ်ယာသုံးစက်ကိရိယာအမျိုးမျိုး ခင်းကျင်းပြသထားရှိနှင့် ပဲခူးမြို့၊ Agro Future Myanmar Co., Ltd မှ ထုတ်လုပ်ထားသော လူလိုက်ပါစီးနင်းနိုင်သည့် ကောက်စိုက်စက်နှင့် အင်ဂျင်ပါလက်ဆွဲကောက်စိုက်စက်တို့ဖြင့် မိုးစပါးစိုက်ပျိုး သရုပ်ပြသမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး တစ်နှစ်(၃)သီးစိုက် ကျေးရွာများတွင် ဒေသတွင်းထုတ်စပါးအခြောက်ခံစက်များ တည်ဆောက်ပေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နတ်တလင်းခရိုင်၊ ဇီးကုန်း မြို့နယ်၊ ဝက်စာပိုးကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း မိုးစပါးစိုက်ဧက(၁၅၀)အား စုပေါင်းသဘာဝ မြေဩဇာနှင့် ကျောက်မှုန်ရောစပ်ကြဲပတ်နေမှုနှင့် သမန်းနှိုးနေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးပြီးပါက ရေမြေသဘာဝနှင့်ကိုက်ညီပြီး တောင်သူဝင်ငွေတိုးမည့် မတ်ပဲနှင့် ပဲတီစိမ်းမျိုးကောင်းမျိုးသန့်ရရှိရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး သွင်းအားစုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် ပေါင်းတည်မြို့နယ်၊ နတ်ပုတီးကျေးရွာအုပ်စုရှိ အောင်နိုင်တိုးမျိုးစေ့ ထုတ်စိုက်ခင်းအား ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ စုပေါင်းကြဲပတ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိပြီး ပြည်တွင်း/ပြည်ပ စျေးကွက်ရှိသည့် အောင်နိုင်တိုး မျိုးစေ့ထုတ် စိုက်ခင်းများ ဒေသအလိုက် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးသွားရန်နှင့် မျိုးသန့်စင်သည့်လုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။