ပဲခူး ဇန်နဝါရီ ၂၅

ပဲခူးခရိုင်အတွင်း ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပနေမှုနှင့် မဲဆန္ဒရှင် ပြည်သူများ စိတ်ဝင်တစား လာရောက်ဆန္ဒမဲပေးနေမှုတို့အား ဇန်နဝါရီလ(၂၅)ရက်နေ့ နံနက်ပိုင်းက ပဲခူး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်လွင် နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ကြီးတို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တို့သည် ဝေါမြို့၊ ဧချမ်းသာယာရပ်ကွက်၊ အထက(ဧချမ်း)၌ ဖွင့်လှစ်ထားသည့် မဲရုံအမှတ်(၁)နှင့် မဲရုံအမှတ်(၂)၊ ချမ်းမြသာစည်ရပ်ကွက်၊ မြို့နယ်ခန်းမဆောင်အရှေ့ခြမ်း(ချမ်းမြ)၌ ဖွင့်လှစ်ထားသည့် မဲရုံအမှတ်(၁)၊ အရှေ့ဘက်ခြမ်းရပ်ကွက်၊ အထက(အဝေါအရှေ့)၌ ဖွင့်လှစ်ထားသည့် မဲရုံအမှတ်(၁)နှင့် မဲရုံအမှတ်(၂)တို့၌ မဲဆန္ဒရှင် ပြည်သူများ စိတ်ဝင်တစား လာရောက်ဆန္ဒမဲပေးနေမှုနှင့် တာဝန်ရှိသူများက ဆန္ဒမဲပေးသူများ အေးချမ်းလွတ်လပ်စွာဖြင့် ဆန္ဒမဲအား အချိန်ကုန်သက်သာစွာ မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိမှုတို့အား ကြည့်ရှုခဲ့ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။
ဝေါမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၆၃)ခု၌ ဆန္ဒမဲပေးသည့် မဲရုံ(၁၀၇)ခုရှိပြီး သက်ဆိုင်ရာ မဲရုံများအလိုက် ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆန္ဒမဲပေးသူများအား ကုသိုလ်ဖြစ် ရေသန့်၊ အအေးဗူးနှင့် မုန့်များပေးဝေလျက်ရှိကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးတွင် မြို့နယ်(၂၈)မြို့နယ်ရှိပြီး ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)အား မြို့နယ်(၈)မြို့နယ်တွင် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင်လည်းကောင်း၊ အပိုင်း(၂)အဖြစ် (၁၂)မြို့နယ်တွင် ဇန်နဝါရီလ(၁၁)ရက်နေ့တွင်လည်းကောင်း အောင်မြင်စွာ အသီးသီးကျင်းပ ပြုလုပ်နိုင်ခဲ့ပြီး ယနေ့တွင် အပိုင်း(၃)အား ကျန်ရှိသည့် မြို့နယ်(၈)မြို့နယ်တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး၌ ပါတီစုံဒီမိုကေရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website