Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး မတ် ၅

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မတ်လ ၄ ရက်နေ့၊ နံနက်ပိုင်း က ပြည်ခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ပြည်မြို့၊ သရေခေတ္တရာပျူမြို့ ဟောင်း၌ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် ဘောဘောကြီးစေတီတော်ကြီး ပြန်လည်ပြုပြင်မွမ်းမံ နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များဖြစ် ၍ ဆွေးမြေ့အုတ်များ ဖယ်ရှားရာတွင် ရှေးဟောင်းပုံစံတူအုတ်ဖြင့် ပြန်လည်အစားထိုးရန်၊ အက်ကွဲကြောင်း များအတွင်း Lime Grouting လောင်းခြင်းအပြင် စေတီတော်လုံးပတ်တော်၌ ပေါက်ရောက်လျက်ရှိသည့် ညောင်ပင်များအား ဓာတုဗေဒဆေးဖြင့် ပေါင်းသတ်ဖယ်ရှားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ မုဌော ကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရေလျှံတွင်းများ တူးဖော်ပေးခဲ့မှုကြောင့် တစ်ကွင်းတစ်ဆက်တည်း (၁၅၀)ဧက ရွှေဖလားမျိုး ကြက်သွန်နီသီးနှံ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စားဖိုဆောင်သီးနှံ ကြက်သွန်နီတိုးချဲ့စိုက်ပျိုးနိုင် ရေး ရေပေးမြောင်းများ တူးဖော်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် သုံးပန်လှ အုတ်ကျောင်းတော်ကြီး ပြန်လည်ပြုပြင်မွမ်းမံနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူ များအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသည့် ပြည်မြို့နယ်၊ မှော်ဇာကျေးရွာမှ ဦးနိုင်လင်းထွန်း၏ ဥစားဘဲကောင်ရေ (၆၃၀)ကောင်မွေးမြူထားရှိမှုနှင့် ရွှေတောင်မြို့၊ ကြာနီကန်ရပ်ကွက်ရှိ ဦးငြိမ်းချမ်း၏ ဥစားဘဲကောင်ရေ(၄၀၀၀) မွေးမြူထားရှိမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်ကုန်ကြမ်း ပစ္စည်းများဖြင့် တိရစ္ဆာန်အစာထုတ်လုပ်မွေးမြူရန်၊ ထွက်ရှိလာသည့် ဘဲဥများအား သက်သာသောနှုန်းထား ဖြင့် စားသုံးသူထံတိုက်ရိုက်ရောင်းချနိုင်ရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့၊ ဧရာဝတီမြစ်ကမ်းပြို ကာကွယ်ရေးနှင့် ရေလမ်းကြောင်းကောင်းမွန်စေရေး သဲအိတ်စီ Geo Mattress အုပ်ရေလွှဲကာလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးရာသီမရောက်မီ ဆောင်ရွက်ပြီးလုပ်ငန်းများနှင့် ပတ်သက်၍ ကြံ့ခိုင်မှုအား ပြန်လည်စစ်ဆေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ရွှေတောင်မြို့၊ နွားမယံကျေးရွာ၌ ယခင် ရွှေတောင်-ဆင်တဲဆိပ်ကမ်းအဟောင်းအား ကုန်တင်ကုန်ချဆိပ်ကမ်းတစ်ခုအဖြစ် ပြန်လည်အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇီးကုန်းမြို့၊ မြို့မဈေးအတွင်း သားငါးဈေးရုံအသစ် တည်ဆောက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ် အလေး ထားဆောင်ရွက်ရန်နှင့် ဈေးအတွင်း ဈေးရုံများအလိုက် အဆင့်မြှင့်တင်ပေးနိုင်ရေး တင်ပြပေးရန် တာဝန်ရှိ သူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် သာယာဝတီမြို့၊ ဆရာစံခန်းမ ပြင်ဆင်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ခန်းမဧရိယာအတွင်း အရိပ်ရပင်များ စိုက်ပျိုးရန်နှင့် ကားရပ်နားရန်နေရာများ စနစ်တကျ ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။