ပဲခူး ဧပြီ ၂၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ(၂၄)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ MSMEs လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်လာစေရေး MSMEs စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီး၏ အဓိက စီးပွားရေးမောင်းနှင်အားသည် MSMEs လုပ်ငန်းများပေါ်တွင် မူတည်လျက်ရှိပြီး ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် လယ်ယာ သုံးစက်ကိရိယာ မျိုးစုံထုတ်လုပ်နိုင်ခြင်း၊ စားသုံးကုန်နှင့် လူသုံးကုန်များလည်း ထုတ်လုပ်လျက်ရှိကြောင်း၊ လယ်ယာသုံးစက်ကိရိယာများတွင်လည်း စက်သုံးဆီအခြေပြုစနစ်မှ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် Solar စနစ်သို့ ပြောင်းလဲထုတ်လုပ်သွားရမှာဖြစ်ကြောင်း၊ လယ်ယာကဏ္ဍကြီး တစ်ခုလုံး စက်မှုလယ်ယာ စနစ်သို့ ပြောင်းလဲပေးနိုင်ပါက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ပြောင်းလဲလာ မှာဖြစ်ကြောင်း၊ စားသုံးကုန်များနှင့်ပတ်သက်၍ အရသာကောင်းမွန်မှုရှိသော်လည်း ထုတ်ပိုးမှုပါကင်စနစ် များ ပိုမိုအဆင့်မြှင့်တင်နိုင်ပါက နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်တင်ပို့နိုင်မှာဖြစ်ကြောင်း၊ ပဲခူးတိုင်း ဒေသကြီးမှ ထွက်ရှိသည့် လယ်ယာသုံးစက်ကိရိယာများ၊ စားသုံးကုန်နှင့် လူသုံးကုန်များ ဈေးကွက်ရရှိ ရေးအတွက် ဈေးအရောင်းပွဲတော်များ၊ MSMEs ပြပွဲ/ပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိခဲ့မှုအပေါ် ထပ်မံ၍ထုတ်ကုန်တစ်ခုချင်းအလိုက် နိုင်ငံတကာအဆင့်မီဖြစ်အောင် ထပ်မံကြိုးစားသွားကြရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး မြို့နယ်အလိုက် သဘာဝမြေဩဇာထုတ်လုပ်သည့်လုပ်ငန်းများ တိုးတက်များပြားလာစေ ရေးနှင့် ကျေးရွာအုပ်စုများအလိုက် သဘာဝမြေဩဇာဖြင့် လက်တွေ့ စမ်းသပ်စိုက်ပျိုးသရုပ်ပြခြင်းများကို တာဝန်ရှိသူများက ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ တက်ရောက်လာသည့် MSMEs လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းများအလိုက် ကြုံတွေ့ရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများအား ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်းနှင့် တိုင်းဒေသကြီးMSMEs အေဂျင်စီ အနေဖြင့် လိုအပ်သည့် အရင်းအနှီး၊ စက်ပစ္စည်းနှင့် နည်းပညာရရှိရေး ပံ့ပိုးဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီး MSMEs အေဂျင်စီအဖွဲ့ ဥက္ကဋ္ဌ၊ လျပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးကျော်ထွဋ်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရေး ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ဆက်လက်ကူညီပံ့ပိုးပေးသွားမည့် လုပ်ငန်းစီမံချက်များအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် လယ်ယာသုံးစက်ကိရိယာထုတ်လုပ်သူလုပ်ငန်းရှင်များ၊ လူသုံး ကုန်နှင့် စားသုံးကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ ဘက်စုံ အဆင့်မြှင့်သွားမည့် အစီအမံများနှင့် ကြုံတွေ့နေရသည့် အခက်အခဲများအား ရင်းနှီးပွင့်လင်းစွာ တင်ပြ ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများက ဝိုင်းဝန်းအကြံပြု ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက MSMEs လုပ်ငန်းရှင်များ၏ တင်ပြချက်များ နှင့်ပတ်သက်၍ လုပ်ငန်းတစ်ခုချင်းအလိုက် လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website