Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူဒေသအတွင်း တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူဒေသအတွင်း တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်

တောင်ငူ မေ ၁၁

             ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက တောင်ငူဒေသအတွင်း တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေ ရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

             ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက်၊ နေပူကုန်းလမ်းရှိ လုပ်ငန်းရှင် ဦးကိုကိုနိုင်၏ ငရုတ်သီးအမှုန့်မျိုးစုံလုပ်ငန်းသို့ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ထုတ်လုပ်မှုအဆင့်ဆင့်တိုင်း သန့်ရှင်သပ်ရပ်မှုရှိစေရေးနှင့် အစားအစာ ဘေးကင်းလုံခြုံမှုရှိရန်၊ ထုတ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်ရန်နှင့် ကုန်ကြမ်းပြတ်လပ်မှုမရှိစေရေး အားလုံး ပူးပေါင်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တောင်ငူမြို့၊ ရွှေဟင်္သာ(၂)ရပ်ကွက်ရှိ “မိဘမေတ္တာ” မျှစ်ချို/မျှစ်ချဉ် စားသောက်ကုန် လုပ်ငန်းသို့ရောက်ရှိခဲ့ပြီး မျှစ်အစိုထုတ်လုပ်ခြင်းအပြင် ရာသီမရွေးစားသုံး၍ရပြီး ပြည်ပပို့ကုန်တစ်ခုဖြစ်သည့် မျှစ်ခြောက်လုပ်ငန်းလည်း တိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် ဝါးအချောထည် စက်မှု/လက်မှုထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။

            ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တောင်ငူမြို့နယ်၊ ကံရိုးကျေးရွာအုပ်စု၊ အင်းပုတ်ကျေးရွာနေ မွေးမြူရေးလုပ်ငန်းရှင် ဦးသန့်စင်၏ ဥစားဘဲကောင်ရေ (၅၀၀၀)အား သဘာဝအတိုင်း ဒေသအစာဖြင့် မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဥစားဘဲ တိုးချဲ့မွေးမြူနိုင်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး ဆောင်ရွက်ပေးရန်နှင့် ဒေသစပ်စာအား ကိုယ်တိုင်ပြုလုပ်၍ မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း ၁၃၀/၂ ရှိ 24 Hour Co.,Ltd ၏ သီဟိုခြံများအတွင်း သီးညှပ်အနေဖြင့် ရိုဘတ်စတာကော်ဖီ ၁၆၈ ဧက စိုက်ပျိုးအောင်မြင်နေမှုနှင့် ထပ်မံစိုက်ပျိုးသွားမည့် ကော်ဖီပျိုးပင်များအား ကွင်းဆင်းကြည့်ရှု့အားပေးခဲ့ပြီး ပျိုးထောင်ပြီးကော်ဖီပျိုးပင်များ ယခုမိုးရာသီအတွင်း အပြီးစိုက်ပျိုး ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။