တောင်ငူ ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇူလိုင်လ ၂၈ ရက်နေ့၊ နံနက်ပိုင်းက တောင်ငူခရိုင် အထူးဒေသ ဘက်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ရေတာရှည် မြို့နယ်၊ မြို့လှမြို့ရှိ ဦးကျော်ကျော်နိုင်၏ ဝါးတူ၊ တစ်ရှုးစက္ကူလိပ် ထုတ်လုပ်နေမှု ဟော်လန်အာလူးမျိုး မျိုးထိန်းသိမ်းခြင်းလုပ်ငန်းနှင့် ကြာဇံစက်လည်ပတ် ဆောင်ရွက်မည့် အခြေအနေများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး မြို့လှမြို့၊ ချောင်းမကြီးရပ်ကွက်ရှိ အသက်(၁၁၈)နှစ်ပြည့်ပြီးဖြစ်သည့် အဖွားဒေါ်ဖာတမာအား သွားရောက်တွေ့ဆုံဂါရဝပြုခဲ့ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ရေတာရှည်မြို့နယ်၊ ဘိုးတော်ကုန်းကျေးရွာအုပ်စုရှိ ဦးဉာဏ်ဝင်း စက္ကူထုတ်လုပ်မည့် စက်ရုံ၌ စက်ပစ္စည်းတပ်ဆင်နေမှုနှင့် တစ်ရက်တန်(၅၀)ကျ “ကျော်မိုးနိုင် မိသားစု” ဆန်စက်နှင့် အခြောက်ခံစက် လည်ပတ်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ကံရိုးကျေးရွာ အုပ်စု၌ ဒေသတွင်း စားရေရိက္ခာဖူလုံစေရေး ကေတုမတီငါးမွေးမြူရေးကုန်ထုတ်သမဝါယမအသင်းမှ ငါးမြစ်ချင်း၊ ငါးမုတ်၊ ငါးတန် စုစုပေါင်း ကောင်ရေ(၂)သိန်းကျော် မွေးမြူထားရှိမှုနှင့် ဥစားဘဲ ကောင်ရေ(၁၀၀၀) မွေးမြူထားရှိမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် တောင်ငူမြို့၊ ထီးလှိုင် ရပ်ကွက်ရှိ ဒေါ်ဝင်းပပခိုင်၏ “မုဒိတာ” မှိုနှင့် မှိုစားသောက်ကုန်လုပ်ငန်းသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး မှိုနှင့်ပတ်သက်သည့် စားသုံးကုန်နှင့်လူသုံးကုန်ပစ္စည်း အမယ်သစ်များ တိုးချဲ့ထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် အုတ်တွင်းမြို့နယ်၊ တောင်ညိုအုပ်စု၊ မင်းရဲကုမ္ပဏီလီမိတက်မှ နှစ်ရှည်သီးနှံ သရက်စိုက်ခင်းဧရိယာအတွင်း ရိုဘတ်စတာကော်ဖီ (၁၀)ဧက အောင်မြင်စွာ စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံနှစ်ရှည် သီးနှံစိုက် တောင်သူများထံ ရိုဘတ်စတာကော်ဖီပျိုးပင်များ ပေးအပ်ခဲ့သည်။ ၎င်းနောက် ဖြူးမြို့၊ ထန်းကုန်းရပ်ကွက်ရှိ ဦးမြင့်ဦးအောင်၏ ကလေးအာဟာရမုန့် လုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website