Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့အတွင်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့အတွင်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ငူ အောက်တိုဘာ ၂

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အောက်တိုဘာလ ၂ ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့အတွင်း ကေတုမတီရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ် ထိန်းသိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

            ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ ကေတုမတီ မြို့ဟောင်း မြောက်ဘက်ကျုံး ပြင်ဆင်နေမှုနှင့် ကျုံးကူးတံတား တည်ဆောက်မည့် နေရာတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တူးဖော်ထားပြီးဖြစ်သည့် မြို့ရိုးပေါ်တွင် သစ်ပင်ခြုံနွယ်များ ပြန်လည် ရှင်းလင်းရန်၊ ကျုံးအတွင်း ရေဝင်/ရေထွက်ပေါက်များ ထည့်သွင်းရန်၊ လမ်းဘေးဝဲယာ သစ်ပင်များ စိုက်ပျိုးရန်နှင့် နွံကျုံးများပြန်လည်ဖော်ထုတ်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

                 ထို့နောက်  ရှေးဟောင်း ဘုတ်တလုပ်ရေကန် ဖော်ထုတ်ထားရှိမှုနှင့် စင်တံခါးပေါက်အနီး ကေတုမတီ ရှေးဟောင်းကျုံး တိမ်ကောနေမှုအား စက်ယန္တရားများဖြင့် ပြန်လည်ဖော်ထုတ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ကျူးကျော်မှုများမရှိရန်၊ ကျုံးအတွင်း ရေစီးရေလာကောင်းမွန်စေရေး၊ ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင် ရှေးမူမပျက် ဆောင်ရွက်ရန်နှင့် ဖော်ထုတ်ပြီးသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ၎င်းနောက် ကေတုမတီရှေးဟောင်း ကျုံးနှင့် စစ်တောင်းမြစ်တို့ ချိတ်ဆက်ထားသည့် ယိုးဒယားပေါက် ပြန်လည်အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

                ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ လေ့ကျင့်ရေး ဘောလုံးကွင်း၊ ပွဲကြည့်စင်ပါ အားကစားကွင်းနှင့် ခပေါင်းခန်းမ အဆင့်မြှင့်တင်နေမှုတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် တောင်ငူပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိခဲ့ပြီး ကာယပညာနှင့်အားကစားဒီပလိုမာသင်တန်း အမှတ်စဉ်(၁) သင်တန်းသား/သူများအား တွေ့ဆုံအားပေး စကား ပြောကြားခဲ့ပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။