တောင်ငူ အောက်တိုဘာ ၄

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ် အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နည်းပညာတက္ကသိုလ်(တောင်ငူ)သို့ ရောက်ရှိခဲ့ကာ တာဝန်ခံဆရာမကြီးက နည်းပညာတက္ကသိုလ်(တောင်ငူ)ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် နည်းပညာတက္ကသိုလ်(တောင်ငူ)ရှိ စာကြည့်တိုက်သို့ သွားရောက်ခဲ့ကာ သုတရသစာအုပ်များ ဝယ်ယူနိုင်ရေး ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး စာတွေ့လက်တွေ့ သင်ကြားရေးဆောင်များနှင့် ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ မဟင်ကျေးရွာ အုပ်စု၊ ကျွဲကူးကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ မွေးမြူရေးလုပ်ငန်း ဆောင်ရွက် လျက်ရှိသော ဒေါ်ခင်နှင်းဦး၏ ဥစားကြက်ကောင်ရေ(၂၀၀၀၀) မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး စဉ်ဆက်မပြတ် မွေးမြူနိုင်ရေးနှင့် ဇီဝလုံခြုံရေးအား အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။ ၎င်းနောက် ကေတုမတီရှေးဟောင်းကျုံး မြောက်ဘက်၌ ဆလံချောပြုလုပ်နေမှုနှင့် ထီးလှိုင်လမ်းမှ တောင်ငူတက္ကသိုလ်သို့ ဆက်သွယ်ထားသည့် ၁၅ ပေအကျယ် ကတ္တရာလမ်းအား ၂၂ ပေ အကျယ် ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာ ကြားခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တောင်ငူမြို့နယ်၊ ဆင်စိပ် ကျေးရွာအုပ်စု၊ ရှားရားကုန်းကျေးရွာ၌ CAPI စနစ်ဖြင့် စံကွက်ရိတ်သိမ်း မှတ်တမ်းတင်နေမှုနှင့် တစ်ကွင်းတစ်ဆက်တည်း မိုးစပါးအကွက်ကျယ်စံပြကွက် ဧက(၁၀၀) စုပေါင်းရိတ်သိမ်းနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကာ တစ်ဧကပျမ်းမျှ အစိုတင်း(၁၀၁.၃၅) ထွက်ရှိခဲ့သည်။ ၎င်းနောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ မိုးစပါးအပြီး သီးထပ်စိုက်ပျိုးရန်အတွက် ဆီထွက်ပဲပုတ်မျိုးစေ့နှင့် စားဖိုဆောင်သီးနှံမျိုးစေ့များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website