Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ ရေဘးကယ်ဆယ် ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ ရေဘးကယ်ဆယ် ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇွန် ၁၇

          ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်၊ ပဲခူးမြစ်ကူးဈေးတံတားအနီး၌ ဇွန်လ(၁၇)ရက်နေ့၊ မွန်းလွဲ ပိုင်းက ပဲခူးတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ဦးဆောင်၍ ရေဘးကယ်ဆယ် ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ယာယီမဏ္ဍပ်သို့ ရောက်ရှိလာရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနတို့ပူးပေါင်း၍ မြစ်ချောင်းအနီးရှိ နေထိုင်သူများအား မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုသတိပေးချက်အား စက်လှေများဖြင့် ရေဘေး ခိုလှုံရာစခန်းသို့ အမြန်ဆုံးပြောင်းရွှေ့နိုင်ရေး လိုက်လံအသိပေးနိုးဆော်ခဲ့ကြသည်။

          ထို့နောက် ရေဝင်ရောက်သည့် ရပ်ကွက်များမှ ပြည်သူများအား ရေဘေးလွတ်ရာသို့ တာဝန်ရှိသူ များက မြေပြင်မှ ပြောင်းရွေ့ပေးခြင်း၊ ရေပြင်မှ အသက်ကယ်လှေများဖြင့် ကူညီပြောင်းရွေ့ ပေးခြင်းတို့ အား သရုပ်ပြသခဲ့ကြသည်။ ၎င်းနောက် ရေဘေးသင့်ပြည်သူများအား ကြိုတင်ဖွဲ့စည်းထားသည့် သတင်းနှင့်ပြန်ကြားရေးအဖွဲ့၊ ပျက်စီးဆုံးရှုံးမှုစာရင်းကောက်ယူရေးအဖွဲ့၊ စာနပ်ရိက္ခာစီမံခန့်ခွဲမှုအဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့နှင့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တို့မှ သက်ဆိုင်ရာကဏ္ဍ အလိုက် လုပ်ငန်းဆောင်ရွက်နေမှုတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုခဲ့ပြီး ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။