ပဲခူး မေ ၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ မေလ(၇)ရက်နေ့၊ နံနက်ပိုင်းက ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာအုပ်စု၌ တစ်နှစ်(၃)သီးစိုက် ဧရိယာအတွင်း နွေစပါးစံပြစိုက်ခင်း၌ သက်တမ်းတို “ရွှေရည်တိုး”စပါး မျိုးစေ့ထုတ် စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများအတွက် တွက်ခြေ ကိုက်ပြီး ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိနိုင်သဖြင့် “အောင်နိုင်တိုး” စပါးကဲ့သို့ မျိုးစေ့ထုတ် စိုက်ခင်းများ မြို့နယ်အလိုက် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။ ၎င်းနောက် ကျိုက်လှကျေးရွာအုပ်စုအတွင်း မြေဆီလွှာထက်သန်စေရေးအတွက် ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာကြဲပတ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများအတွက် ပိုက်ဆံလျှော် မျိုးစေ့များ ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာ၌ မွေးမြူရေး လုပ်ငန်းရှင် ဦးအောင်ဖြိုးလင်း၏ “ဒုံးဝင်း” အမျိုးအစား ဒေသနွားကောင်ရေ(၃၀) မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသနွားမျိုးများတွင် မျိုးကောင်းမျိုးသန့်နှင့် နွားကြီးမျိုးများရှိ၍ ပြန်လည် ဖော်ထုတ် မွေးမြူသွားရန်၊ ဒေသနွားမျိုးအတွက် မေထုန်မဲ့သားစပ်ခြင်း တိုးချဲ့ဆောင်ရွက်ရန်၊ နွားမွေးမြူ ရေးလုပ်ငန်းရှင်တိုင်း ကိုယ်တိုင်မေထုန်မဲ့သားစပ်ခြင်း ဆောင်ရွက်တတ်စေရေး သင်ကြားပေးရန်နှင့် တိရစ္ဆာန် ရောဂါကျရောက်ကူးစက်မှုမရှိစေရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဝေါမြို့နယ်၊ ရှမ်းစုကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးအောင်စိန်၏ နို့စားနွား(ဖရစ်ရှန်)မျိုး မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး နွားနို့များအား ကုန်ကြမ်းအဖြစ် ရောင်းချခြင်းထက် မလိုင်ပြုလုပ်ခြင်း၊ နို့ဆီ/နို့စိမ်း ချက်လုပ်ခြင်း၊ ဒိန်ချဉ်/ဒိန်ခဲပြုလုပ်ခြင်း စသည့် တန်ဖိုးမြှင့်ထုတ်ကုန်အဆင့်ထိ ကိုယ်တိုင်ထုတ်လုပ်ရောင်းချနိုင်ရေးနှင့် တိရစ္ဆာန်အစာအဖြစ် နေဗီယာ မြက်အား စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ဝေါမြို့၊ အရှေ့ ဘက်ကမ်းရပ်ကွက်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဒေါ်ခင်သန်းမြင့်၏ ငါးရံ့ခြောက်အပါအဝင် ငါးခြောက်မျိုးစုံလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဝေါမြို့၊ ကျုံတူဘုရားလမ်း၌ မွေးမြူရေးလုပ်ငန်းရှင် ဦးစိုးမင်းလတ်၏ DYL မျိုး အသားတိုးဝက် မွေးမြူရေးခြံသို့ရောက်ရှိခဲ့ပြီး ဒေသတွင်း အသားစားသုံးမှုဖူလုံ ပိုလျှံနိုင်ရေး တိုးချဲ့မွေးမြူရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဝေါမြို့နယ်၊ ညောင်ခါးရှည်အမြဲတမ်း စစ်ဆေးရေးစခန်း တည်ဆောက်နေမှုနှင့် ဆပ်သွားခြုံတာဆုံအနီးရှိ X-Ray စစ်ဆေးရေးစခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။