Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူး ဇူလိုင် ၅

          ၂၀၂၅ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ် အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများ ကျင်းပခြင်းအားဖြင့် ဒေသတွင်း အသက်အရွယ်အလိုက် ထူးချွန်အားကစားသမား များ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လက်ရွေးစင်အဆင့်မှ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစား သမားများအဖြစ် မွေးထုတ်ပေးနိုင်ရေး၊ ပိုက်ကျော်ခြင်းအားကစား ကျယ်ပြန့်စွာတိုးတက်မြင့်မားရေး၊ မြို့နယ်ကိုယ်စားပြု အားကစားသမားများအချင်းချင်း သွေးစည်းညီညွတ်မှုစိတ်ဓါတ်နှင့် ထူးချွန်ထက်မြက် သော လူငယ်သွေးသစ် ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွက်လာရေးတို့အတွက် ကျင်းပပေးရ ခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် (၂)ယောက်တွဲအဖွဲ့ လိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် (၃)ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခုနှင့် ယခင်ကလည်း ရွှေတံဆိပ်များစွာနှင့် စုပေါင်းတံခွန်စိုက်ဖလားရရှိခဲ့သည့် အစဉ်အလာကောင်းများရှိခဲ့သဖြင့် တိုင်းဒေသကြီးဂုဏ်ဆောင် မျိုးဆက်သစ်ပိုက်ကျော်ခြင်း အားကစားများ ပေါ်ထွက်လာစေရေး ကြိုးစားယှဉ်ပြိုင်သွားကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

          ထို့နောက် ပြိုင်ပွဲဝင်အားကစားအသင်းများက အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကာ ပြိုင်ပွဲအသင်းများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားကြသည်။

           ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသား/ကျောင်သူများ၊ ပိုက်ကျော်ခြင်းအားကစားဝါသနာရှင် ပရိတ်သတ်များက အဖွင့်ပွဲစဉ်အဖြစ် ပဲခူးမြို့နယ်အသင်းနှင့် ရွှေတောင်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှု့အား ကြည့်ရှု အားပေးခဲ့ကြသည်။

          ၂၀၂၅ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ် အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇူလိုင်လ(၄)ရက်နေ့(၈)ရက်နေ့အထိကျင်းပပြုလုပ်မည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း(၂၈)သင်းပါဝင်ကာ အုပ်စု(၈)အုပ်စု ခွဲပြီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။