ပဲခူး ဩဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၂၈)ရက်နေ့၊ နံနက်ပိုင်း က တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းသင်တန်းကျောင်း၌ တိုင်းရင်းငါးမျိုး ငါးခူဆေးထိုး သားဖောက်ခြင်းနှင့် ပတ်ဝန်းကျင်သဟဇာတဖြစ်သည့် ရေငန်ပုစွန်မွေးမြူခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်းမှ နှစ်စဉ်ငါး ပိဿာထောင်ပေါင်း(၂၉၀၀၀၀)ကျော် ထုတ်လုပ်နိုင်ပြီး ဒေသတွင်းစားသုံးမှုသာမက အခြားပြည်နယ်/ တိုင်းဒေသကြီးများသို့ ဖြန့်ဖြူးတင်ပို့ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ငါးအခြေခံတန်ဖိုးမြှင့် MSME ထုတ်ကုန် အများအပြားထုတ်လုပ် လျက်ရှိရာ ငါးသယံဇာတပြုန်းတီးလျော့နည်းမှုမရှိစေရေးနှင့် ငါးသယံဇာတ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ရေချိုတိုင်းရင်း ငါးမျိုးအား သဘာဝသားဖောက်ခြင်း ထက် အလျင်အမြန်တိုးပွားလာနိုင်ရေး သိပ္ပံနည်းကျဆေးထိုးသားဖောက်ပြုစုမွေးမြူ၍ ပြန်လည်ဖြည့်တင်း ပေးလျက်ရှိကြောင်း၊ ယခုသင်တန်းတွင် တိုင်းရင်းငါးမျိုးများအား မွေးမြူရေးလုပ်ငန်းရှင်များ၊ ပဲခူးတက္ကသိုလ် သတ္တဗေဒအထူးပြု ကျောင်းသား/သူများ၊ ဌာနတွင်းဝန်ထမ်းများအနေဖြင့် သားဖောက်မွေးမြူပြုစု စောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာများ သိရှိလာနိုင်သည့်အပြင် ပုစွန်မွေးမြူခြင်းလုပ်ငန်းတွင် အဓိက ကျသည့် ကန်ပြင်ဆင်ခြင်း၊ ရေအရည်အသွေးထိန်းသိမ်းခြင်းနှင့် အစာကျွေးခြင်းစသည့် ပုစွန်မွေးမြူရေး ကျင့်စဉ်များကိုလည်း သိရှိနားလည်နိုင်မှာဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်တန်းတွင် စာတွေ့လက်တွေ့ သင်ကြားပေးမည့် သင်ခန်းစာများကို စနစ်တကျလေ့လာမှတ်သားပြီး တိုင်းဒေသကြီး အတွင်း စားသုံးမှုဖူလုံရုံမျှမက နိုင်ငံတော်အတွက် အားထားရမည့် အရည်အသွေးပြည့်မီသော ရေထွက်ကုန် ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်အောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးမှူး ဒေါက်တာစုမျိုးသွယ်က တိုင်းရင်းငါးမျိုး ငါးခူ ဆေးထိုးသားဖောက်ခြင်းနှင့် ပတ်ဝန်းကျင်သဟဇာတဖြစ်သည့် ရေငန်ပုစွန်မွေးမြူခြင်းသင်တန်း ဖွင့်လှစ် ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် သင်တန်းသား/သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့ပြီး သင်တန်းတွင် ဖွင့်လှစ်သင်ကြားမည့် သင်ထောက်ကူပစ္စည်များ၊ အောင်မြင်စွာ သိပ္ပံနည်းကျ သားဖောက်ထားရှိသည့် တိုင်းရင်းငါးမျိုးများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ တိုင်းရင်းငါးမျိုး ငါးခူဆေးထိုး သားဖောက်ခြင်းနှင့် ပတ်ဝန်းကျင်သဟဇာတဖြစ်သည့် ရေငန် ပုစွန်မွေးမြူခြင်းသင်တန်းသို့ သင်တန်းသား/သူ (၄၀)ဦး တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရှိရ သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပဲခူးမြို့၊ မြို့သစ်(က)ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် မုစလိန္ဒာမင်္ဂလာကန်တော်ကြီး ဘက်စုံအဆင့်မြှင့်တင်နေမှု အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။