ပဲခူး ဖေဖော်ဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သည့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ ဆရာမများအတွက် “ ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲ” အခမ်းအနားကို ဖေဖော်ဝါရီလ(၂၇)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးလူငယ်စင်တာခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းရင်းသားဘာသာ စာပေသင်ကြားနေကြသည့် ဆရာ/ဆရာမများ အနေနှင့် ခေတ်နှင့် လျော်ညီစွာ ကွန်ပျူတာအခြေခံများ တတ်မြောက်ထားခြင်းအားဖြင့် တိုင်းရင်းသား မျိုးဆက်သစ်များအား ကွန်ပျူတာပညာရပ်များကို လက်ဆင့်ကမ်းသင်ကြားပေးနိုင်ရန်၊ တာဝန်ထမ်းဆောင်ရာနေရာများမှာ လက်တွေ့အသုံးချနိုင်စေရန်၊ တိုင်းရင်းသားများ၏ ပညာရေးကဏ္ဍနဲ့ ပတ်သက်တဲ့ နည်းပညာရပ်များ တိုးတက်စေရန် ရည်ရွယ်ပြီး မိမိတို့တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းများမှ တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ ဆရာမများအတွက် ပထမဦးဆုံးအကြိမ် ဖွင့်လှစ်ပေးတဲ့ ကွန်ပျူတာအခြေခံသင်တန်းဖြစ်ကြောင်း၊ တိုင်းရင်းသားဘာသာစာပေသင် ဆရာ/မများအနေဖြင့် ကွန်ပျူတာအခြေခံဘာသာရပ်များကို သင်ယူ ခြင်းအားဖြင့် ကွန်ပျူတာနှင့် ဆက်စပ်သည့် နည်းပညာအသုံးပြုနည်းများကို အင်တာနက်မှတစ်ဆင့် ရှာဖွေနိုင်ခြင်း၊ ကမ္ဘာတစ်ဝှမ်းမှ သိရှိလိုသည့် အချက်အလက်များကို ရှာဖွေလေ့လာနိုင်ခြင်းအပြင် AI နည်းပညာများကို အသုံးပြုနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မှာဖြစ်ပါကြောင်းနှင့် သင်တန်းသား များအနေဖြင့် ယခုသင်တန်းမှာ သိရှိလာမယ့် ကွန်ပျူတာ ကျွမ်းကျင်မှုဆိုင်ရာနည်းပညာများကို အခြေခံပြီး အသိပညာ မြင့်မားအောင် ကြိုးစားသွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ သင်တန်းတက်ရောက်မည့် တိုင်းရင်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ပြီး ခင်းကျင်းပြသထားသည့် ကွန်ပျူတာသင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ဆရာမများအတွက် “ ကွန်ပျူတာအခြေခံ သင်တန်း”အား ဖေဖော်ဝါရီလ(၂၇) ရက်နေ့မှ မတ်လ(၁၈)ရက်နေ့အထိ (၂၀)ရက် ကြာဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ(၂၀)ဦးတက်ရောက်ကာ လူငယ်စင်တာမှ ကွန်ပျူတာ နည်းပြနဲ့အတူ ဌာနဝန်ထမ်းများက ပူးပေါင်းပြီး Microsoft Word, Excel, PowerPoint, Internet Email, Gmail နှင့် Ai စသည့်သင်ခန်းစာများကို သင်ကြားပို့ချပေးမှာဖြစ်ကြောင်းသတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website