ပဲခူး စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တောင်သူလယ်သမားများ၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆန်စပါးသည် ပြည်တွင်းစားသုံးမှုကို အဓိကအထောက်အကူပြုပေးနေသော်လည်း ပြည်ပနိုင်ငံများ၏ ဆန်းစပါး ဝယ်ယူမှုပေါက်ဈေးအပေါ် မှီခိုနေရသဖြင့်တောင်သူများအတွက် တွက်ချေကိုက်သည့် စပါးဈေးနှုန်းများဖြင့် ဝယ်ယူနိုင်ရေး မြို့နယ်များရှိ ဆန်စက်လုပ်ငန်းရှင်များအသင်းအား ဆန်စပါးအသင်းချုပ်မှ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ မကြာမီ မိုးစပါးများထွက်ရှိ လာတော့မှာဖြစ်၍ ယခုအချိန်ကတည်းက ပြည်တွင်း/ပြည်ပဈေးကွက်ရှာဖွေခြင်း၊တောင်သူလယ်သမား အကျိုးရှေးရှု၍ သင့်တင့်မျှတသောဈေးနှုန်းသတ်မှတ်၍ ဝယ်ယူပေးရန် ပြောကြားခဲ့သည်။
ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က တောင်သူ လယ်သမားအကျိုးစီးပွားကာကွယ်နိုင်ရေးနှင့် လက်ရှိပြည်ပပို့ကုန်ဆန်စပါး၏ ပေါက်ဈေးအခြေအနေတို့ အားလည်းကောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများက ဆန်စပါး Export Zone ဖော် ဆောင်နိုင်ရေး၊ သွင်းအားစုပံ့ပိုးဆောင်ရွက်ပေးမည့် အစီအမံများ၊ အထွက်ကောင်း မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးမည့်အစီအစဉ်များ၊ ဈေးကွက်ရှာဖွေမှုနှင့် အကျိုးတူလယ်ယာစနစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များအား သုံးသပ်ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူးက ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီးနှံ အလိုက်ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိရေး မျှော်မှန်းဆောင်ရွက်နေမှုနှင့် ဒေသတွင်း မျိုးကောင်းမျိုးသန့် များစိုက်ပျိုးထားရှိမှုနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး နည်းလမ်း ပေါင်းစုံဖြင့်ဆောင်ရွက်နေမှုနှင့် သွင်းအားစုများ အချိုးညီအချိန်ကိုက် သုံးစွဲနိုင်ရေး ဆောင်ရွက်နေမှုအခြေ နေများအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းပြော ကြားခဲ့ကြောင်းသတင်းရရှိသည်။