Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ MSMEs အေဂျင်စီမှ ကြီးမှူးကျင်းပသည့် ထုပ်ပိုးမှုဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၌ MSMEs အေဂျင်စီမှ ကြီးမှူးကျင်းပသည့် ထုပ်ပိုးမှုဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မေ ၂၉

ပဲခူးတိုင်းဒေသကြီး MSMEs အေဂျင်စီမှ ကြီးမှူးကျင်းပသည့် ထုပ်ပိုးမှုဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲအခမ်းအနားအား မေလ ၂၉ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသတွင်းထွက်ရှိသည့် ကုန်ကြမ်း ပစ္စည်းများကို အခြေခံပြီး သွင်းကုန်အစားထိုး ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ဈေးကွက်ဝင်ဆံ့မှုရှိရန် အတွက် အရည်အသွေးပြည့်မီသည့် ထုပ်ပိုးမှုများဖြစ်ရန်လိုအပ်ကြောင်း၊ ထုပ်ပိုးမှုများ အဆင့်မြှင့်တင်ရာ တွင် ထုပ်ပိုးမှုအသွင်သဏ္ဍာန်သာမက ကုန်ပစ္စည်း၏ အရည်အသွေး၊ အမှတ်တံဆိပ်များ ပါရှိရန် အရေးကြီး ကြောင်း၊ နည်းပညာတိုးတက်လာသည်နှင့်အမျှ Smart Packaging ဖြစ်ရန်နှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေသည့် ထုပ်ပိုးမှုပုံစံများကို ရွေးချယ်ဆောင်ရွက်သွားရန်နှင့် လိုအပ်သည့် စက်ပစ္စည်းများကို ရွေးချယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သက်ဆိုင်ရာကုမ္ပဏီများနှင့် ချိတ်ဆက်ဝယ်ယူပေးသွားမှာဖြစ် ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် Machine City Co., Ltd မှ ဦးရဲမြင့်ဦး၊ Greenovation Packaging Solution မှ ဦးသီဟ နှင့် Metta Myae Co., Ltd မှ ဦးစဝေဇင်အောင်တို့က ထုပ်ပိုးမှုဆိုင်ရာသိကောင်းစရာများနှင့် ကုန်အမှတ် တံဆိပ် တီထွင်ဖန်တီးမှုဆိုင်ရာဒီဇိုင်းများရေးဆွဲခြင်း စသည်တို့အား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆွေးနွေးပြောကြားခဲ့သည့် လုပ်ငန်းရှင်(၃)ဦးတို့အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ MSMEs လုပ်ငန်းရှင်များ၏ထုတ်ကုန်များ အရည်အသွေးပြည်မီစွာ ထုတ်ပိုးနိုင်ရေးအတွက် ခင်းကျင်းပြသ ထားသည့် ထုတ်ပိုးမှုဆိုင်ရာစက်ပစ္စည်းများနှင့် ထုတ်ပိုးမှုနမူနာပစ္စည်းများအား လှည့်လည် ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။