ပဲခူး စက်တင်ဘာ ၈

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “စာတတ်မြောက်ခြင်း” သည် လူတိုင်းရဲ့ အခြေခံလူ့အခွင့်အရေးဖြစ်ပြီး လူတစ်ဦးချင်းနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သဖြင့် “ဘယ်သူမှ နောက်ချန်မကျန်ရစ်စေရေး”ဆိုတဲ့ မူဝါဒကို အဓိကထား၍ ကျောင်းနေအရွယ်ကလေးတိုင်း အရည်အသွေးရှိတဲ့ အခြေခံပညာရေးရရှိစေရန် ရည်မှန်း ဆောင်ရွက်လျက်ရှိကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပုံမှန်ကျောင်းစနစ်အတွင်း မသင်ကြားနိုင်တဲ့ ကျောင်းပြင်ပရောက်ကလေးများအတွက် ကျောင်းပြင်ပပညာရေးနှင့် စဉ်ဆက်မပြတ်သင်ယူခွင့် အခွင့် အလမ်းများကိုလည်း အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသလို ကျောင်းပြင်ပ မူလတန်း၊ အလယ်တန်းပညာရေး အတန်းနေရာချထားစစ်ဆေးမှု Placement Test အထူးအစီအစဉ်ကို လည်း ဖော်ဆောင်ပေးခဲ့ကြောင်း၊ အတတ်ပညာမရှိလျှင် အသိပညာမရှိနိုင်တဲ့အတွက် အခြားသူများ၏ သွေးထိုးလှို့ဆော်မှုများကို နားယောင်၍ မိမိတို့၏ ဘဝတစ်လျှောက်လုံး ပျက်စီးသွားနိုင်သည်ကို သတိချပ် ရမှာဖြစ်ကြောင်းနှင့် စာတတ်မြောက်မှုသည် လူတိုင်းပါဝင်နိုင်သော လူမှုအသိုင်းအဝိုင်းတည်ဆောက်ရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်သော အသိပညာဖွံ့ဖြိုးရေး၊ အလုပ်အကိုင်နှင့် အသက်မွေးဝမ်း ကြောင်း အခွင့်အလမ်းတိုးတက်တို့နှင့် ဆက်နွယ်မှုရှိသဖြင့် လူတိုင်းစာတတ်မြောက်ရေး အားလုံးဝိုင်းဝန်း ကြိုးစား အကောင်အထည်ဖော်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်က “ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် ( UNESCO ) ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာ” ကို ဖတ်ကြားပြီး နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ( Video Clip ) ပြသရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးအမှူးပြုသော အခမ်းအနား တက်ရောက်လာကြသူများက ကြည့်ရှု ခဲ့ကြသည်။
ယင်းနောက် ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အထက-မြို့အနောက်(ခ)မှ ကျောင်းသား/ကျောင်းသူများက “အနာဂတ်လူရည်မွန်”၊ “ ဘယ်သူပြိုင်လို့လှပါတော့နိုင်” သီချင်းဖြင့် သီဆိုဖျော်ဖြေကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ဖျော်ဖြေရေး ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website