ပြည် နိုဝင်ဘာ ၂၈

ပြည်မြို့၊ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင်နှင့် နတ်တလင်း ခရိုင်တို့အတွက် လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder) လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စပါးသီးနှံအပါအဝင် သီးနှံများစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်ပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေဧရိယာတိုးချဲ့ခြင်းထက် ပိုမို လက်တွေ့ကျတဲ့ သီးနှံအလိုက် တစ်ဧကအထွက်နှုန်းတိုးတက်ရေး ၊ သီးထပ်စွမ်းအားနဲ့ သီးနှံစိုက်စွမ်းအား တိုးတက်ရေးတို့ကို နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စပါးသီးနှံ ပန်းတိုင် အထွက်နှုန်း ထွက်ရှိရေးအတွက် နည်းလမ်းကြံဆဆောင်ရွက်တဲ့နေရာမှာ စိုက်စနစ်မှန်ကန်ရေးက အလွန်အရေးကြီးပြီး တစ်ဧက သတ်မှတ် အပင်ဦးရေ မှန်ကန်၊ ပြည့်မီအောင် စိုက်ပျိုးနိုင်တဲ့ နည်းလမ်းများ ဖြစ်တဲ့ ပျိုးထောင်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊ တိုက်ရိုက်မျိုးစေ့ချ ကိရိယာ(Drum Seeder)ဖြင့် စိုက်ပျိုးခြင်း နည်းလမ်း(၃)မျိုးအနက် Drum Seeder နဲ့ စိုက်ပျိုးခြင်းက ကုန်ကျစရိတ် အနည်းဆုံးဖြစ်ပြီး အလွယ်တကူလိုက်နာ ကျင့်သုံးနိုင်တဲ့ စပါးစိုက်နည်းစနစ်တစ်ခုဖြစ်ကြောင်း၊ ပန်းတိုင် အထွက်နှုန်းရရှိနိုင်တဲ့ Drum Seeder နဲ့ စပါးစိုက်ပျိုးတဲ့စနစ် ကိုကျယ်ကျယ်ပြန့်ပြန့် လိုက်နာ ဆောင်ရွက်နိုင်ရေး တောင်သူအိမ်ထောင်စုတိုင်း အနည်းဆုံး Drum Seeder (၁)လက် ပိုင်ဆိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်သည့် Drum Seeder (၁)လက်လျှင် ငွေကျပ်(၂)သိန်းနှုန်းဖြင့် ဖြန့်ဖြူးပေးသွားမှာဖြစ်ကြောင်းနှင့် စက်မှုလယ်ယာကူးပြောင်းရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ထုတ်လုပ်ပေးအပ်ထားတဲ့ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) များကို လယ်ယာလုပ်ငန်း ခွင်တွင် အကျိုးရှိစွာ အသုံးချနိုင်ရေး ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ခရိုင်နှင့် နတ်တလင်းခရိုင်တို့မှ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် တောင်သူများထံ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) (၁၄၀၀)လက်အား ပထမအကြိမ်အဖြစ် လွှဲပြောင်းပေးအပ်ခဲ့သည်။
ယင်းနောက် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်ပေးအပေါ် ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက်ရောက်လာသည့် တောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားကာ လွှဲပြောင်းပေးအပ်သည့် လက်ဆွဲမျိုးစေ့ချ ကိရိယာ(Drum Seeder)များ အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website