Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ရဲတပ်ဖွဲ့ဝင် မိသားစုများ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်စေရေး စက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ရဲတပ်ဖွဲ့ဝင် မိသားစုများ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်စေရေး စက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူး အောက်တိုဘာ ၂၃

          ပဲခူးမြို့၊ လူငယ်စင်တာခန်းမ၌ အောက်တိုဘာလ ၂၃ ရက်နေ့၊ နံနက်ပိုင်းက ရဲတပ်ဖွဲ့ဝင် မိသားစုများ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်စေရေး စက်ချုပ်နည်းပညာ သင်တန်း ဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ နည်းလမ်း ပေါင်းစုံဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက် စေရေး၊ တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးတက်လာစေရေး၊ တစ်ပိုင်တစ်နိုင် အသေးစား ကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးတို့ အတွက် အသက်မွေးနည်းပညာသင်တန်းများကိုလည်း အရှိန်အဟုန်ဖြင့် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ယခုသင်တန်းသည် မိမိတို့၏အိမ်၌ ဝင်ငွေရရှိသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကာ ခေတ်နှင့် အညီ ဒီဇိုင်းများကို ဖန်တီးထုတ်လုပ်နိုင်ရေး ဆက်လက်လေ့လာသွားကြရန်နှင့် သင်တန်း၌ ထူးချွန်ခဲ့သည့် သင်တန်းသူ (၁၀)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၁၄)သိန်းနှင့်ညီမျှသည့် လုပ်ငန်းသုံးပစ္စည်းများကို ချီးမြှင့်ပေးအပ်သွားမှာဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် မိမိတို့တက်မြောက်ထားသည့် ပညာရပ် များကိုအသုံးချ၍ အောင်မြင်တဲ့ လုပ်ငန်းရှင်များအဖြစ် လုပ်ငန်းများတိုးချဲ့ ရပ်တည်နိုင်ကြစေလိုကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ထူးချွန်သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများကိုလည်းကောင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး တာဝန်ရှိသူများက သင်တန်းသူများကိုယ်တိုင် ချုပ်လုပ်ထားသည့် အဝတ်အထည် အမျိုးမျိုးနှင့် လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။