ပဲခူး ဖေဖော်ဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၆) ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်တွင်း/ပြည်ပ အကြီးစားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းအမျိုးအစား (၈)ခုရှိပြီး စက်မှုကဏ္ဍတိုးတက်မှုနှင့်အတူ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ လယ်ယာ ကဏ္ဍများလည်း ရင်းနှီးမြှုပ်နှံမှုတိုးတက်အောင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများ သုံးစွဲနိုင်ရေး ဆောင်ရွက်ပေးသွားရမှာ ဖြစ်ကြောင်းနှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်မှသာ ထိုက်သင့်သည့် လုပ်ခလစာရရှိမှာဖြစ်၍ အသက်မွေးပညာသင်တန်းကျောင်းများ ဖွင့်လှစ်ပေးခြင်းများ အားပေးမြှင့်တင် ပေးသွားရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်တိုး(၁)ခု၊ ကုန်ချောပစ္စည်း (၅)မျိုး တိုးမြှင့်ထုတ်လုပ်ခြင်းနှင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ၏ သက်ဆိုင်သည့် အမှုတွဲများ အား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များက ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်များ တိုးတက်စေရေးနှင့် ရှိပြီးသား လုပ်ငန်းများ ဆက်လက်ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တင်ပြသည့်အမှုတွဲပါ လုပ်ငန်းတစ်ခုချင်းအလိုက် ဥပဒေနှင့်အညီ ဖြေရှင်းဆုံးဖြတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website