Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ပဲခူးတိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကျင်းပ

(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ပဲခူးတိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူး စက်တင်ဘာ ၉

        ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ခုနှစ် (၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ(၉)ရက်နေ့၊ နံနက် ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

         ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်း‌ဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်တို့က ပဲခူးတိုင်းဒေသကြီး ၂၀၂၆ ခုနှစ်၊ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား  ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။

        ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ အမျိုးသားရေးစရိုက် လက္ခဏာများ မပျောက်ပျက်စေရန်နှင့် မျိုးဆက်သစ်လူငယ်များကြားတွင် ရိုးရာယဉ်ကျေးမှုများကို ချစ်မြတ်နိုးသည့် အမျိုးသားရေးစိတ်ဓာတ် ပိုမိုထွန်းကားလာပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်နိုင်ရေး ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး မိမိတို့၏ ကိုယ်ပိုင် စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို မပျောက်မပျက် ထင်ရှားစွာ ရပ်တည်နိုင်အောင် ဝိုင်းဝန်းထိန်းသိမ်းသွားကြမှသာ အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက် မပျက်ဘဲ နိုင်ငံနှင့်လူမျိုး၏ ဂုဏ်ဝင့်ထယ်နိုင်မှာ ဖြစ်ပါကြောင်း၊  တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးမှ တိုင်းဒေသကြီးကိုယ်စားပြု အကောင်းဆုံးအနုသုခုမ ပညာရှင်များကို စနစ်တကျ စိစစ်ရွေးချယ်သွားမှာဖြစ်၍ ပြိုင်ပွဲဝင်များအနေဖြင့် မိမိတို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်းဆုံး ကြိုစားအားထုတ် ယဉ်ပြိုင်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ယင်းနောက် ညောင်လေးပင်ခရိုင်မှ ဝါသနာရှင်(ဒုတိယတန်းအဆင့်) ပြိုင်ပွဲဝင် ဒေါ်ခင်ရတနာစိုးက “ပြည်ထောင်စုရဲ့ထာဝရအလှ” သီချင်းဖြင့်လည်းကောင်း၊ ပဲခူးခရိုင်မှ (၁၅-၂ဝ)အဆင့်ပြိုင်ပွဲဝင် မောင်ဟန်လင်းသန့်က ပြိုင်ပွဲဝင် အကတီးလုံးနှင့် ပြိုင်ပွဲဝင် မောင်ကောင်းပြည့်ဟိန်းက “အောင်မြင်ခြင်း အတူတူ”သီချင်းဖြင့်လည်းကောင်း၊ ပဲခူးခရိုင် အဆင့်မြင့်ပညာအဆင့် ပြိုင်ပွဲဝင် မဟေမာန်ကျော်က ”ညညှင်းလေပြေ”သီချင်း၊ ဝါသနာရှင်(ပထမ)တန်း ပြိုင်ပွဲဝင် ဦးဘိုဘိုမင်းက “မြန်မာသီချင်းဆိုရအောင်” သီချင်းနှင့် “မြန်မာ့မူမှန်” သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ဒိုင်အဖွဲ့များ၊ နည်းပြအဖွဲ့များနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

         အဆိုပါ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၆ခုနှစ် (၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်)ပြိုင်ပွဲကို စက်တင်ဘာလ(၉)ရက်နေ့မှ (၁၁)ရက်နေ့ အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ တောင်ငူ၊ ညောင်လေးပင်၊ ပြည်၊ သာယာဝတီ၊ နတ်တလင်း စသည့်ခရိုင်(၆)ခရိုင်မှ ပြိုင်ပွဲဝင်ဦးရေ(၂၅၀)ဦးပါဝင်ကာ ဝါသနာရှင် (ပထမတန်း)အဆင့်၊ ဝါသနာရှင် (ဒုတိယတန်း)အဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာ (အသက်၁၅ နှစ်ပြည့်မှ ၂၀ နှစ်အတွင်း) အဆင့်၊ အခြေခံပညာ(အသက်၁၀ နှစ်ပြည့်မှ ၁၅ နှစ်အတွင်း)အဆင့်တို့တွင် သက်ဆိုင်ရာဘာသာရပ်အလိုက် ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။