ပဲခူး ဒီဇင်ဘာ ၁၉

ပဲခူးမြို့၊ ညောင်အင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ဒီဇင်ဘာလ(၁၉)ရက်နေ့ နံနက်ပိုင်းက (၈၈)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးမြို့နယ်၊ သရက်ကုန်းကျေးရွာ ဒုံးအဖွဲ့က “တောင်ပေါ်ရိုးရာအိုးစည်” သီချင်းဖြင့် အကဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများသည် ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ မတူကွဲပြားကြသော်လည်း တိုင်းရင်းသားများ အားလုံး မိသားစုစိတ်ဓာတ်မွေးမြူပြီး တစ်ဦးအပေါ်တစ်ဦး တန်ဖိုးထားလေးစား၍ အတူတကွ နေထိုင်လာခဲ့ကြကြောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း တိုင်းရင်းသားများနဲ့ သက်ဆိုင်တဲ့ စာပေ၊ ဘာသာစကားစသည်တို့ ဖွံ့ဖြိုးတိုးတက်စေဖို့ တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ဆရာမများ ခန့်ထားပေးခြင်းနဲ့ ကျောင်းချိန်ပြင်ပ နွေရာသီမွမ်းမံသင်တန်းများကိုလည်း နှစ်စဉ် ပြုလုပ်ပေးခဲ့ပြီး တိုင်းရင်းသားများအနေနဲ့ “အတန်းပညာရှိမှ အသိပညာရှိမည်၊ ဆိုတဲ့အတိုင်း လူငယ်များ ပညာသင်ကြားရေးကို အလေးထား ဆောင်ရွက်ရန်နှင့် ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး မိမိတို့ရဲ့စာပေ၊ ဘာသာစကား၊ ရိုးရာ ဓလေ့ထုံးတမ်း၊ ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ကြရန်နှင့် အခြားသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့်အတူ မိမိတို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စု စိတ်ဓါတ်ကိုအခြေခံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြစေလို ကြောင်း ကရင်သက္ကရာဇ် (၂၇၆၅) ခုနှစ်၊ မြန်မာသက္ကရာဇ် (၁၃၈၇)ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အား ကြိုဆိုသောအားဖြင့် နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ယင်းနောက် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်တစ်ဦးက ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဖြစ်ပေါ် လာပုံအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မင်းလှမြို့နယ်၊ ကရင်တိုင်းရင်းသား/သူများက “ဖဲကြိုးအက” သီချင်းဖြင့်လည်းကောင်း၊ ပဲခူးမြို့နယ်၊ ညောင်အင်းကျေးရွာမှ ကရင်တိုင်းရင်းသား/သူ များက “စည်းလုံးခြင်းငှာ နိုးကြားပါ” သီးချင်းဖြင့်လည်းကောင်း၊ ပျဉ်းမငူကျေးရွာတို့မှ ကရင်တိုင်းသား /သူများက “နှစ်သစ်ကူး” တေးသီချင်းများဖြင့်လည်းကောင်း အသီးသီးကပြဖျော်ဖြေ တင်ဆက်ခဲ့ကြ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် ဒုံးယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ပဲခူးခရိုင်ကရင် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုကော်မတီ၊ အဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။ ၎င်းနောက် ဧည့်သည်တော်များအား ကရင်တိုင်းရင်းသားရိုးရာ အစားအစာများဖြင့် တည်ခင်း ဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website