ပဲခူး နိုဝင်ဘာ ၃
=========

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဒွါဒသမအကြိမ် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို နိုဝင်ဘာလ(၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ကျင်းပ ပြုလုပ်သည်။
အခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုဝန်ဆောင်ဆရာတော် များ၊ တိုင်းသံဃနာယအဖွဲ့ ဆရာတော်များ၊ တိုင်းဘ/ကဥက္ကဌဆရာတော်နှင့် မြို့နယ်သံဃနာယက ဆရာတော်များ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းမှဆရာတော်များ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားကြီးချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြပြီး နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက နိုင်ငံတော် သြဝါဒါစရိယ ပဲခူးမြို့မစာသင်တိုက်ပဓာနနာယက၊ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ် တရားတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။
ယင်းနောက် နိုင်ငံတော်သြဝါဒါစရိယ ပဲခူးမြို့မစာသင်တိုက်ပဓာနနာယက၊ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်အပေါင်းမှ ကထိန်အနုမောဒနာ တရားနာယူ၍ ကထိန်သင်္ကန်းများ ဆက်ကပ်လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှအတမ်းပေးဝေကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအသီးသီးမှ လှူဒါန်းထားသော ပဒေသာပင် များအား မဲဖောက်လှူဒါန်းပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းကာ ရတနာရွှေမိုး၊ ငွေမိုးရွာသွန်းဖြိုးပေးကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဒေသာပင်များအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ ကြွရောက်တော်မူကြသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဒွါဒသမအကြိမ် စုပေါင်းမဟာ ဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် စုစုပေါင်းလှူဒါန်းမှုမှာ ကျပ်(၅၂၂၇၅၆၆၀)ဖြစ်ကြောင်း သတင်းရရှိသည်။
 
					 
 ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website