Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / သဘာဝသယံဇာတငါးမျိုးများ စီးပွားဖြစ် အလွန်အကျွံ ထုတ်ယူသုံးစွဲမှုအား ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန် လိုအပ်

သဘာဝသယံဇာတငါးမျိုးများ စီးပွားဖြစ် အလွန်အကျွံ ထုတ်ယူသုံးစွဲမှုအား ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန် လိုအပ်

ပဲခူး ဇွန် ၁၆

=============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇွန်လ(၁၅)ရက်နေ့၊ နံနက်ပိုင်း က တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်အလိုက် အသား/ငါး/ဥ စားသုံးမှု ဖူလုံ ပိုလျှံမှုရှိစေရေးနှင့် စားသုံးသူထံ ဈေးနှုန်းသက်သာစွာဖြင့် တိုက်ရိုက်ရောင်းချနိုင်သည့် အခွင့်အလမ်းများ ဖန်တီး ပေးရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ဒေသအလိုက် မွေးမြူသူအစုအဖွဲ့များ ဖွဲ့စည်း၍ တိုးချဲ့မွေးမြူ နိုင်ရေးနှင့် နေဗီယာမြက်စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တိရိစ္ဆာန်အစာဈေးကြီးမြင့် မှုအပေါ် ပြန်လည်ကုစားနိုင်ရန်အတွက် ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် မွေးမြူသူကိုယ်တိုင် ထုတ်လုပ် သုံးစွဲနိုင်ရေး သုတေသနလုပ်ငန်းများ တွဲဖက်ဆောင်ရွက်ရန် လိုအပ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ပံ့ပိုး ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မေလမှ ဇူလိုင်လအထိ ငါးမဖမ်းရရာသီဖြစ်ပြီး ငါးရစ် ငါးသန်များ ပေါက်ပွားသည့်အချိန်အခါလည်းဖြစ်၍ ဒေသအတွင်း သဘာဝငါးမျိုး ပြုန်းတီးမှုမရှိစေရေး အောက်ခြေအဆင့်ထိ အသိပညာပေးခြင်း၊ စနစ်တကျ ထိန်းသိမ်းကြီးကြပ်ခြင်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မွေးမြူရေးစွန့်ပစ် ပစ္စည်းများသည် စိုက်ပျိုးရေးအတွက် သဘာဝမြေဩဇာထုတ်လုပ်မှုအပေါ် အရေးပါသည့်အတွက် ခြံလှောင် မွေးမြူခြင်းစနစ်ကို အဓိကထား အသိပညာပေး စည်းရုံးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တိုင်းရင်းကြက်သည် အကြမ်းခံပြီး ဈေးကွက်ရှိသည့်အတွက် မြစိမ်းရောင်စီမံကိန်းကျေးရွာများတွင် အိမ်တိုင်း တိုင်းရင်းကြက်အား တန်ဖိုးနည်း မွေးမြူခြင်းစနစ်မှ စီးပွားဖြစ်တိုးချဲ့မွေးမြူနိုင်ရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့လည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်လုပ်ကိုင် နိုင်ရေး (၁)ဘီလီယံ ထုတ်ပေးထားပြီးဖြစ်၍ ဒေသတွင်း ငါး/သားကဏ္ဍ ဖူလုံပိုလျှံနိုင်ရေး သက်ဆိုင်ရာဌာန ဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ မွေးမြူရေးကဏ္ဍမှ ထွက်ရှိလာသည့် ထုတ်ကုန် များအား တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရေး MSMEs လုပ်ငန်းများနှင့် ချိတ်ဆက် ဆောင်ရွက်ရမှာဖြစ်ပြီး ဒေသတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး(၁.၅)ဘီလီယံ ထုတ်ပေး ထားပြီးဖြစ်ကြောင်းနှင့် မြို့နယ် အလိုက် အသား/ငါး/ဥ စားသုံးမှု ဖူလုံ ပိုလျှံမှုရှိစေရေး နှစ်အလိုက် စီမံချက်ပါ အတိုင်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး‌ အောင်သောင်းထိုက်က လူတစ်ဦးချင်း အသား/ငါး/ဥ စားသုံးမှု ဖူလုံပိုလျှံမှုရှိစေရေး ဒေသအလိုက် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်အား လည်းကောင်း၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးများက မြို့နယ်အလိုက် မွေးမြူရေးလုပ်ငန်း များ ဆောင်ရွက်ထားရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအမံများကိုလည်းကောင်း၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးများက မြို့နယ်အလိုက် ငါးမွေးမြူရေးကန်များ၊ သဘာဝလေလံအင်းများ၏ ငါးထုတ် လုပ်မှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအမံများကိုလည်းကောင်း Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် တင်ပြချက်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးတို့က ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။