ပဲခူး ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ဇန်နဝါရီလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာဖြင့် နေ့စဉ် ဝယ်ယူရောင်းချနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ဥဿာပြည်သူ့ အငှားအိမ်ရာ၌ နေထိုင်သည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအတွက် အခြေခံစားသုံးကုန်များ၊ ကြက်၊ အသား၊ငါးနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့အား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ မြို့မဈေးကြီးအတွင်း၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့မှစ၍ နေ့စဉ်ဒေသခံပြည်သူများ ဆန်၊ ဆီ၊ အသား၊ငါး၊ ဥ၊ ဟင်းသီးဟင်းရွက်များအား သန့်ရှင်းလတ်ဆတ်ပြီး ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး ကိုယ်တိုင် စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး တစ်ဆင့်ခံရောင်းချမှုမရှိစေရေး စိစစ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ဥဿာသီရိဈေးအပေါ်ထပ်၌ MSMEs ထုတ်ကုန်များ အရောင်းစင်တာသို့ ရောက်ရှိခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ် မှ ထွက်ရှိလာသည့် ဒေသထွက် စားသုံးကုန်များ၊ လူသုံးကုန်များ၊ တိုင်းရင်းဆေးဝါးများ၊ စားဖိုဆောင်သုံး ပစ္စည်းများ၊ လယ်ယာသုံးကိရိယာများအား တစ်နေရာတည်း ဝယ်ယူ/ရောင်းချနိုင်ရေး ဆောင်ရွက်ပေးခြင်း ဖြစ်၍ ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်မှုရှိ စေရေး စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းသို့ ရောက်ရှိခဲ့ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စားမေးပွဲ အောင်ချက်မြင့်မားရေးနှင့် သင်ကြားမှု၊ သင်ယူမှုထိရောက်ရေး စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ ပြီး ထူးချွန်ထက်မြက်သည့် လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွက်လာစေရေးအတွက် အခြေခံပညာ၏ အမြင့်ဆုံးအတန်းဖြစ်သည့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားရေးသည် အလွန်အရေးကြီးသဖြင့် မိမိတို့၏ ကျောင်းသား/သူများအား အကောင်းဆုံး ပြန်လည်သင်ကြားနိုင်ရေး ကြိုးစားလေ့လာသင်ယူ သွားကြစေလိုကြောင်း တာဝန်ရှိသူများ လမ်းညွှန်မှာကြားခဲ့ပြီး သင်တန်းတက်ရောက်နေသည့် ဆရာ/ဆရာမ များအား နေ့စဉ် နေ့လည်စာချက်ပြုတ်ကျွေးမွေးနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။