Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး

သာယာဝတီ ဇန်နဝါရီ ၁၅

            ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇန်နဝါရီလ (၁၄)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

              ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မင်းလှမြို့နယ်၊ ဥတိုကညင်ကျေးရွာ အုပ်စု၊ တောင်သူ ဦးသန်းဇော်မင်း၏ တစ်ကွင်းတစ်ဆက်တည်း ပဲတီစိမ်းစံပြ စိုက်ခင်း ဧက(၅၀) စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေးနှင့် တောင်သူသရုပ်ပြ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ စိုက်ပျိုးပြသရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

                 ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံ ငွေကျပ် သန်း(၁၀၀၀)ဖြင့် မင်းလှ-မိုးညိုကားလမ်း မိုင်တိုင်(၁၀/၇)နှင့် (၁၁/၆)အကြား အကျယ်(၄၄)ပေ၊ လမ်းတာဘောင်ပြုပြင်ခြင်းနှင့် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ရေကြီးနစ်မြှုပ်သည့်ဒေသဖြစ်၍ ကားလမ်း ရေထိန်းနံရံများ လျောကျမှုမဖြစ်စေရေး စနစ်တကျ ဆောင်ရွက်ရန်၊ သတ်မှတ်ဒီဇိုင်းအတိုင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

              ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မိုးညိုမြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၌ ယခင်က တစ်နှစ်(၁)သီးသာ စိုက်ပျိုးနိုင်သည့် နေရာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် စိုက်ပျိုးရေရရှိရေး ရေတွင်း(၁၁၃)တွင်း တူးဖော်ပေးခဲ့နိုင်သဖြင့် တစ်ကွင်းတစ်ဆက်တည်း အစေ့ထုတ်ပြောင်း (၁၈၅၀)ဧကနှင့် ငရုတ်သီးနှံ(၁၅၈)ဧက တစ်နှစ်(၃)သီး တိုးချဲ့စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေရရှိခဲ့ပြီဖြစ်၍ မြေလပ်မရှိစိုက်ပျိုးရန်၊ စိုက်ပျိုးရေ စနစ်တကျအကျိုးရှိရှိသုံးစွဲရန်၊ စားဖိုဆောင်သီးနှံ ကြက်သွန်တိုးချဲ့စိုက်ပျိုးသွားနိုင်ရေး တာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

           ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်း- မိုးညို- နတ်တလင်း မိုင်တိုင် (၄၆/၀-၄၆/၁)ရှိ တံတားအမှတ်(၁/၄၇)၊ မြစ်သာပေါက်ဘေလီတံတားအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေဖြင့် သံကူကွန်ကရစ်တံတားအဖြစ် ပြန်လည်အသစ်တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးနှင့် မြစ်သာပေါက်ချောင်း ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဖလံချောင်း ကျေးရွာရှိ ငရုတ်သီးစိုက် တောင်သူများနှင့်တွေ့ဆုံ၍ မိုးညိုမြို့နယ်သည် ဆီထွက်သီးနှံဇုံ(၂)အတွင်း ပါဝင်လျက်ရှိသဖြင့် နွေနှမ်းနှင့် မိုးကြိုနှမ်းအား ဧကများများဖြင့် တစ်အုပ်တစ်မစိုက်ပျိုးသွားရန်၊ စိုက်ပျိုး ရေ ရရှိရေး နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းနှင့် ငရုတ်သီးအား ကုန်ကြမ်းပစ္စည်းအဖြစ် တိုက်ရိုက်ရောင်းချခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုအဖြစ် ပြန်လည်ရောင်းချ နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။