ပဲခူး မေ ၂၁

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက (၁၀၉)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့် ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သူနာပြုသားဖွား အတတ်ပညာသည် ပြည်သူလူထု၏ အခြေခံကျန်းမာရေး တိုးတက်မြင့်မားလာစေရန် ပြုစုရှောက်ပေးရသည့် မြင့်မြတ်သော အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုဖြစ်ကာ သင်တန်းသူများအနေဖြင့် မိမိတို့တက်မြောက်ရမည့် အသိ ပညာ၊ အတတ်ပညာများကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သည်အထိ လက်တွေ့လေ့ကျင့်သင်ယူပြီး လုပ်ငန်းခွင်ဝင်ရာတွင်လည်း လူမျိုး၊ ဘာသာ၊ အတန်းအစား မခွဲခြားဘဲ သူနာပြု ကျင့်ဝတ်၊ သိက္ခာ၊ သစ္စာအဓိဌာန်နှင့်အညီ ကျင့်ကြံနေထိုင်ကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ထူးချွန်ဆု ရရှိခဲ့သော ဒုတိယနှစ် သားဖွားသင်တန်းသူ(၃)ဦးအားလည်းကောင်း၊ လူမှုရေးရာဝန်ကြီး ဒေါက်တာ ထူးခြားအောင်က ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ထူးချွန်ဆုရရှိခဲ့သည့် ပထမနှစ် သားဖွားသင်တန်းသူ (၃)ဦးတို့အား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက်သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်ဌေးဌေးမွန် သင်တန်းသူ(၁၀)ဦးအား သူနာပြုဦးဆောင်းများ အပ်နှင်းပေးခဲ့ကြသည်။
ယင်းနောက် ကမ္ဘာ့သူနာပြုမိခင်ကြီး မီးအိမ်ရှင်ဖလော်ရင့်(စ)နိုက်တင်ဂေးအား ဂုဏ်ပြုသော အားဖြင့် သင်တန်းသူများက ဖယောင်းတိုင် မီးထွန်းညှိခဲ့ကြကာ သူနာပြုအဓိဌာန် ရွတ်ဆိုခဲ့ကြပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး “ဂရုဏာအလင်း” သီချင်းဖြင့် စုပေါင်း သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က သင်တန်းသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website