ပဲခူး ဇန်နဝါရီ ၂၁
=================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇန်နဝါရီလ (၂၁)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂) အစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်ရေး ဘက်ပေါင်း စုံမှ ဖြည့်ဆည်းဆောင်ရွက် ပေးနေသလို CMP ကဲ့သို့ အထည်ချုပ်လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ အတွက် အသုံးဝင်သည့် ဓာတ်မြေဩဇာထုတ်လုပ်ရေးလုပ်ငန်းများနှင့် လုပ်သားအင်အား များများအလုပ်အကိုင် အခွင့်အလမ်းရရှိစေသည့် စက်ရုံများကို အဓိကထား ခွင့်ပြုပေးလျက်ရှိကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းရှင်များအား ရသင့်ရထိုက်သည့် အခွင့်အရေးများ ခံစားရရှိနိုင် ရန်နှင့် ဥပဒေအရ အကာအကွယ်ပေးရမည့် လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများခွင့်ပြုချထားပေးရာတွင် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကို မထိခိုက်စေရန်နှင့် စက်မှုဇုန်ဥပဒေအရ လိုက်နာရမည့် စည်းကမ်းချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်မှ အနီးကြပ်ကြီးကြပ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က Myanmar Agro Eagle Co., Ltd အော်ဂဲနစ်ကွန်ပေါင်း ဓာတ်မြေဩဇာအမျိုးမျိုး ထုတ်လုပ်နိုင်ရေး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုမှ အတည်ပြုမိန့်လျှောက်ထားခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်သည့် De Hus Myanmar Limited နှင့် WIAWIS Myanmar Co., Ltd တို့မှ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခွင့်ပြုရန် တင်ပြမှုများပေါ် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များမှ အကြံပြုဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆုံးဖြတ်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းများ၏ တင်ပြချက်များအရ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်တွင်းရင်းနှီး မြှုပ်နှံမှုပမာဏကျပ်ငွေ (၅.၉)ဘီးလီယံခန့်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ (၄.၃)သန်းကျော် စီးဝင်လာမည်ဖြစ်ပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း (၂၈၀)ကျော် ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှမှု အမေရိကန်ဒေါ်လာ (၁၀၄.၄၈၃) သန်းနှင့် မြန်မာကျပ်ငွေ (၈၃၂၉.၁၅)သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း (၄၇၉၀၃) ဦး ဖန်တီးပေး နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂) အစည်းအဝေး ကျင်းပပြုလုပ်
		
		
		 
					 
 ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website