ပဲခူး စက်တင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စက်တင်ဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် သီးနှံများ ထိခိုက်ပျက်စီးခဲ့သည့် ဧရိယာများတွင် ပြန်လည်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဇူလိုင်လနှင့် ဩဂုတ်လအတွင်း ပထမအကြိမ် ရေကြီးခဲ့စဉ်က မိုးသီးနှံများ ထိခိုက်ပျက်စီးခဲ့သော်လည်း အချိန်မီပြန်လည်ဖာထေးခြင်း၊ သားတက်ပွား စိုက်ပျိုးခြင်းများ ရာနှုန်းပြည့်ပြန်လည်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ စက်တင်ဘာလအတွင်း ဒုတိယအကြိမ်ရေကြီး ရေလျှံမှုသည့် အချိန်ကာလကြာမြင့်ခြင်းကြောင့် မိုးသီးနှံထိခိုက်ပျက်စီးမှုများ များပြားလာနိုင်သဖြင့် သီးနှံ စိုက်ပျိုးထုတ်လုပ်မှု မထိခိုက်စေရေးအတွက် ဆောင်းသီးနှံနှင့် နွေစပါးကို ပိုမိုတိုးချဲ့စိုက်ပျိုးသွားရမှာဖြစ်၍ အောင်ရေပေးသည့် တမံများတွင် ရေဝင်ရောက်မှုအား ပိုမိုသိုလှောင်သိမ်းဆည်းရန် လိုအပ်မှာဖြစ်ကြောင်း၊ တိုးချဲ့စိုက်ပျိုးမည့် သီးနှံများအလိုက် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ဒေသတွင်းရရှိနိုင်ရေး စုဆောင်းထားရမှာဖြစ်ကြောင်း၊ ရေဝင်ရောက်ခဲ့သည့် လယ်မြေများတွင် နုံးတင်မြေနုများ ဖုံးလွှမ်းခဲ့သဖြင့် မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲနှင့် အစေ့ထုတ်ပြောင်းများအတွက် ပိုမိုအဆင်ပြေနိုင်မှာဖြစ်၍ ဒေသခံတောင်သူ များအား ကြိုတင်အသိ ပညာပေးခြင်းအပြင် ဒေသရေမြေသဘာဝနှင့်ကိုက်ညီသည့် အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များ ရရှိနိုင်ရေးဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ အစေ့ထုတ်ပြောင်းသည် ဒေသတွင်း စားသုံးမှုမပြုဘဲ နိုင်ငံခြားဝင်ငွေရရှိသည့် သီးနှံဖြစ်၍ သီးသန့်စိုက်ပျိုးခြင်းအပြင် ပဲမျိုးစုံစိုက်ခင်း များတွင် သီးညှပ်ထည့်သွင်းစိုက်ပျိုးခြင်းအား တောင်သူသရုပ်ပြစိုက်ခင်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးသွား ရမှာ ဖြစ်ကြောင်း၊ မိုးသီးနှံအလိုက် ထိခိုက်/ပျက်စီးဧကများနှင့်ပတ်သက်၍ စာရင်းဇယား အချက်အလက်များ မှန်ကန်စွာ ကောက်ယူရရှိရေးနှင့် ပြန်လည်ကုစားနိုင်ရေး အစားထိုးစိုက်ပျိုးမည့် သီးနှံအမျိုးအစား၊ စိုက်ပျိုးမည့် သီးနှံပုံစံတို့ဖြင့် ပြန်လည်စိုက်ပျိုး သွားရမှာဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး ကဏ္ဍ သီးနှံထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး အားလုံးဝိုင်းဝန်း ဆွေးနွေး အကြံပြုတင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများက ဒေသအလိုက် မိုးရွာသွန်းမှု ရေကြီးရေလျှံခဲ့မှု၊ မိုးသီးနှံများ ရေမြှုပ်ခဲ့မှု၊ ထိခိုက်မှု၊ ပျက်စီးမှုနှင့် ပြန်လည်ကုစားနိုင်ရေး အစားထိုးစိုက်ပျိုး မည့် အစီအမံများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးက ဇူလိုင်လနှင့် ဩဂုတ်လအတွင်း ရေကြီးနစ်မြှုပ်မှုပေါ် ပြန်လည်အစားထိုးစိုက်ပျိုး နိုင်ခဲ့မှုနှင့် စက်တင်ဘာလအတွင်း ဒုတိယအကြိမ် ရေကြီးရေလျှံခဲ့မှုကြောင့် မိုးသီးနှံအလိုက် ထိခိုက်ပျက်စီး ခဲ့မှုအပေါ် သီးနှံအမျိုးအစားအလိုက် ပြန်လည်စိုက်ပျိုးမည့် လုပ်ငန်းစီမံချက်များအား ရှင်းလင်းတင်ပြခဲ့ကြ သည်။ ၎င်းနောက် ခရိုင်/မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက သီးနှံအမျိုးအစားအလိုက် မျိုးကောင်း မျိုးသန့်များ စုဆောင်းထားရှိမှု အခြေအနေများကိုလည်းကောင်း တင်ပြခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးစိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင် များက သက်ဆိုင်ရာကဏ္ဍအလိုက် ပံ့ပိုးကူညီဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် မြို့နယ်တစ်ခုချင်းအလိုက် လိုအပ်ချက် များနှင့် ဆက်လက်ဆောင်ရွက်သွားရမည့် အစီအမံများအား လမ်းညွှန်မှာကြားခဲ့ပြီး သီးခြားလိုအပ်ချက်များ အား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။